လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ပဲခူး ဩဂုတ် ၁၅

 

သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ် အုန်းကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်း ရေတိုက်စားခြင်းအား ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လက်ပံတန်းမြို့နှင့် မိုးညိုမြို့တို့ကို ရေဘေးကာကွယ်ပေးထားသည့် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ရေဘေးကာကွယ်ရေးတာများကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေး သည်။ 

 

ထို့ပြင် လက်ပံတန်းမြို့နယ် ကွမ်းသီးတစ်ပင်ကျေးရွာအုပ်စု စာနီစုကျေးရွာအနီးရှိ ဧရာဝတီအရှေ့ဘက်ကမ်းတာ တာမိုင် ၉/ ၀ ၌ ကမ်းရင်းတာကမ်းပါး ရေတိုက်စားမှုဖြစ်ပေါ်ခဲ့ရာ ကာကွယ်နေမှုအခြေအနေနှင့် ပန်းတာ တာကြံ့ခိုင်ရေး ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီအရှေ့ဘက်ကမ်း ရေဘေးကာကွယ်ရေးတာများသည် သက်တမ်းကြာမြင့်သည့် မြေသားတာပေါင်များဖြစ်ခြင်း၊ ဧရာဝတီမြစ်ကြောင်း ပြောင်းလဲခြင်းတို့ကြောင့် တာများ၏ ကြံ့ခိုင်မှုကိုရေကင်းများထားရှိ၍ စဉ်ဆက်မပြတ်စောင့်ကြည့်ရန်၊ တာပြင်ဆင်ရန်လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရန် မှာကြားသည်။

 

အလားတူ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရေဘေးကာကွယ်ရေးတာများ ရေရှည်တည်တံ့ရေး ဝိုင်းဝန်ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားပြီး ထောက်ပံ့ပစ္စည်း၊ နေ့လယ်စာထမင်းဘူး၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် စာနီစုရေဘေး ကာကွယ်ရေးပန်းတာကြံ့ခိုင်မှု ဆောင်ရွက်နေကြ သောဌာနဆိုင်ရာများ၊ ဒေသခံလုပ်အားပေးများအတွက် ဂုဏ်ပြုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

တိုင်းဒေသကြီး(ပြန်/ဆက်)