လက်ဘနွန်၌ အကျဉ်းထောင်ဖောက်မှုဖြစ်ပွား၊ အကျဉ်းသား ၄၄ ဦး ထွက်ပြေးလွတ်မြောက်

ဘေရွတ် ၂၁ နိုဝင်ဘာ

လက်ဘနွန်နိုင်ငံ၏ မြို့တော်ဘေရွတ်မှ အရှေ့ဘက်ဘာ့ဘ်ဒါမြို့မှာ တည်ရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ ဒီနေ့ အစောပိုင်းက အကျဉ်းထောင်ဖောက်မှုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၄၄ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

လူ ၆၉ ဦးက လုံခြုံရေးတင်းကျပ်ထားတဲ့ အဲ့ဒီအကျဉ်းထောင်ကို ဖောက်ခဲ့ပြီး ၎င်းတို့အနက် အကျဉ်းသားငါးဦးဟာ ခိုးစီးသွားတဲ့မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးကာ ကျန်တစ်ဦးဟာ သူ့ရဲ့ထိခိုက်ဒဏ်ရာနဲ့ ဆေးရုံတင်ခြင်းခံရပါတယ်။

အကျဉ်းသားတွေဟာ အကျဉ်းထောင်ဖောက်ခဲ့ပြီးနောက် မော်တော်ကားတစ်စီးကို ခိုးယူသွားပြီး အရှိန်ဖြင့် ထွက်ပြေးမောင်းနှင်သွားကာ အရှိန်မထိန်းနိုင်ဘဲ လမ်းမဘေးရှိ သစ်ပင်တစ်ပင်ကို ဝင်တိုက်ခဲ့တာပါ။

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားများအနက် ၁၅ ဦးကို ဒီနေ့မွန်လွဲပိုင်းက ပြန်လည်ဖမ်းဆီးခဲ့ပြီး ကျန်အကျဉ်းသားလေးဦးကတော့ တာဝန်ရှိသူတွေဆီ သူတို့ကိုယ်တိုင်လာရောက်အပ်နှံပြီး အဖမ်းခံရတယ်လို့ သိရပါတယ်။ ဒါပေမယ့်အကျဉ်းသား ၄၄ ဦးကတော့ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသားတွေကို ဆက်လက်လိုက်လံရှာဖွေနေပါတယ်လို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ လက်ဘနွန်အစိုးရ ရှေ့နေတစ်ဦးဖြစ်တဲ့ ဂါဒါအောင်းက ထောင်ဖောက်မှုနှင့် ပတ်သက်ပြီး ချက်ချင်းစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ အေအက်ဖ်ပီသတင်းအရ သိရပါတယ်။

ကိုးကား - အေအက်ဖ်ပီ

ဘာသပြန် - ဂျေတီ