လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးသတ်ဖြတ်၍ ငွေကျပ်သိန်း ၈၀၀ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၈

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အမျိုးသားတစ်ဦးအား သတ်ဖြတ်၍ ငွေကျပ်သိန်း ၈၀၀ လုယက်ယူဆောင်ခဲ့သူ တရားခံ လျှမ်းထက်အောင်အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက် ကျန်စစ်သားအိမ်ရာ ကျောင်းလမ်းနှင့် စိန်ပန်းလမ်းထောင့် တိုက်အမှတ် (၅၉)ဘေး၌ ရပ်တန့်ထားသည့် BGO-27 9R/3323 MISUBISHI XPANDER မော်တော်ယာဉ်ပေါ်တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ အမှတ်(၁၈)ရပ်ကွက်နေ ဦးဟန်ညွန့် (၆၉)နှစ်မှာ ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေပြီး ယာဉ်ပေါ်တွင်ပါရှိသည့် ငွေကျပ်သိန်း ၈၀၀ ထည့်ထားသော လက်ဆွဲအိတ်မှာ ပျောက်ဆုံးနေသဖြင့် ပိုင်ရှင်ဖြစ်သူ ဖျာပုံမြို့ အမှတ်(၉) ရပ်ကွက်နေ ဦးကျော်လင်း(၅၄)နှစ်က ၎င်း၏ယာဉ်မောင်းဖြစ်သူအား သတ်ဖြတ်၍ ငွေများလုယက်ယူဆောင်သွားသူ တရားခံအား ဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ)၁၁၈၆/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုရေးဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယင်းနေ့ည ၁၀ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ပနွတ်ကျေးရွာနေ တရားခံ လျှမ်းထက်အောင် (၂၃) နှစ်အား လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေကျပ်သိန်း ၅၄၀ နှင့် ၎င်းငွေဖြင့် ဝယ်ယူထားသည့် iphone 18 Pro Max အမျိုးအစား ဖုန်းတစ်လုံး၊ နားကြပ်တစ်စုံနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်