လွိုင်ကော် အောက်တိုဘာ ၂၈
ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများအား မွေးမြူရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ နေရပ်ပြန်ပြည်သူ အိမ်ထောင်စု ၆၈ စုတို့အား ဝက် ၃၅ ကောင်၊ ဆိတ် ၁၅ ကောင်နှင့် ကြက် အကောင် ၁၈၀ ပေးအပ်သည်။
ကယားပြည်နယ်သည် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာကောင်း၊ အခြေအနေကောင်းများ တည်ရှိသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မှသာ ပြည်နယ်အတွင်း လုံလောက်စွာ ထုတ်လုပ်နိုင်ပြီး အသားနှင့်ဥ စားသုံးမှု ဖူလုံလာမည်ဖြစ်ကြောင်း၊ အထူးမှာကြားလိုသည်မှာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မွေးမြူသူများအနေဖြင့် လူမှုစီးပွား ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက နေရပ်ပြန် ပြည်သူများအား မွေးမြူရေး တိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ် ထေးသမရပ်ကွက်၊ ပန်ကန်းရပ်ကွက်နှင့် မြေနီကုန်းရပ်ကွက်တို့မှ နေရပ်ပြန်ပြည်သူများကို ဒေသမျိုးသန့် တိရစ္ဆာန်များ ပေးအပ်သည်။
ထို့ပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လွိုင်ကော်မြို့နယ် စိုက်ကွင်း (၃)၊ ကုန်းသာကျေးရွာ၊ ထေးငှားလျား၊ ပန်ကန်း၊ မြေနီကုန်းရပ်ကွက်များနှင့် ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာနေ နေရပ်ပြန်ပြည်သူများအား ဒေသမျိုးသန့်တိရစ္ဆာန်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများကိုယ်စား ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေရပ်ပြန်ပြည်သူများသို့ ပေးအပ်မည့် ဒေသမျိုးသန့်တိရစ္ဆာန် များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


