လွိုင်ကော်မြို့၌ လူငယ်စင်တာ RC သုံးထပ် အဆောက်အအုံ တည်ဆောက်လျက်ရှိ

လွိုင်ကော် စက်တင်ဘာ ၂၈

 

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လူငယ်စင်တာ RC သုံးထပ် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစဉ် လုပ်ငန်းများအရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်ရန်၊ လိုအပ်သည့် ပရိဘောဂများ ဖြည့်တင်းနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

ထို့အတူ လွိုင်ကော်မြို့တွင်း လမ်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လမ်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဒေါဥခူရပ်ကွက် အမှတ်(၄) လမ်း ပေါ်တွင် အရှည် ၄၄၅ မီတာ အကျယ် သုည ဒသမ ၇၆ မီတာ တစ်ဖက်အား ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)