လွိုင်ကော်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်


လွိုင်ကော် စက်တင်ဘာ ၁

 

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တွင်း စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နောင်ယား (ခ) ရပ်ကွက်ရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့်စွက်စာ နွားနို့တိုက်ကျွေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် နို့စားနွားကောင်ရေ ၅၂ ကောင် မွေးမြူရန်ခြံမြေနေရာ ရှင်းလင်းနေကြောင်း သိရသည်။

 

အဆိုပါ ခြံမြေနေရာရှင်းလင်းနေမှုကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်ဝန်ကြီးများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

 

ဆက်လက်၍ ရေနီကန်ကျေးရွာသို့ သွားရောက်၍ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆောင်ရွက်သည့် စံပြသရုပ်ပြ ဥစားကြက်မွေးမြူရေးခြံ တည်ဆောက်နေမှုနှင့် ပြည်နယ်တွင်း ကြက်ဥဖူလုံစေရေး ဥစားကြက်များ ထပ်မံမွေးမြူနိုင်ရန် မွေးမြူရေးခြံတည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့ပြင် ရေနီကန်ကျေးရွာရှိ Treasure Corn Company Limited သီးနှံအခြောက်ခံစက်ရုံသို့ သွားရောက်ပြီး စပါးနှင့် ပြောင်းသီးနှံများ ခြွေလှေ့ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးသိုလှောင်ခြင်း၊ တင်ပို့ခြင်းလုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့ ဧက ၅၀၀ -နမ့်ဘော်ဝမ် (ရှမ်း) လမ်းပေါ်တွင် အရှည်ပေ ၂၈၄၀ အဖုံးပါ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)