လွိုင်ကော် အောက်တိုဘာ ၁၉
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်း(ဒေါဥခူ)ရှိ အားကစားရုံများကို ပြန်လည် ပြုပြင်လျက်ရှိကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ပြည်နယ်အားကစားကွင်း(ဒေါဥခူ)ရှိ ဘတ်စကက်ဘော ရုံအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံး ငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့် အကြီးစားပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီး များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် ပြည်နယ်အဆင့် အားကစားရုံဖြစ်သည့်အလျောက် အားကစားရုံအား သတ်မှတ်အရည် အသွေးပြည့်မီစွာ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးရေး ပြုပြင်ဆောင်ရွက်ရန်၊ အားကစားရုံနှင့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန်မှာကြားသည်။
ထို့အတူ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကြီးစားပြုပြင်ဆောင်ရွက် လျက်ရှိသည့် တိုက်ကွမ်ဒိုအားကစားရုံကိုလည်းကောင်း၊ ဘောလုံးကွင်းပွဲကြည့်စင်နှင့် အားကစားသမားများ နားနေခန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းပွဲကြည့်စင်အား အားကစား ပြိုင်ပွဲများ ဆောင်ရွက်ပြီးချိန်များတွင် သန့်ရှင်း သပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ အယ်လ်နီညိုရာသီဥတုကြောင့် ဘောလုံးကွင်း အတွင်း စိုက်ပျိုးထားသည့်မြက်များ သေဆုံးမှုမရှိစေရေး ဂရုပြုထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကစားသမား နားနေခန်းများ၊ ဘောလုံးကွင်း ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


