လှိုင်းဘွဲမြို့နယ်၌ ပဲပုပ်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

လှိုင်းဘွဲ စက်တင်ဘာ ၂၃

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတိုက်နယ် ရွှေဂွန်းတောင်သူပညာပေးဗဟိုဌာန၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် အောင်ဆန်းငွေလာ ကုမ္ပဏီမှတာဝန်ရှိသူများက ပဲပုပ်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

 

လှိုင်းဘွဲမြို့နယ်အတွင်း ပဲပုပ်သီးနှံအထွက်တိုးစေရေးအတွက် ရွှေဂွန်းကျေးရွာ၊ ကမ်းနီကျေးရွာ၊ ကပ္ပလီကျေးရွာနှင့် သာယာကုန်းကျေးရွာများရှိ ပဲပုပ်စိုက်တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များနှင့် ကန်ထရိုက် လယ်ယာစနစ်၏ အကျိုးကျေးဇူးများကို ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကုမ္ပဏီမှတာဝန်ရှိသူများက ကန်ထရိုက်လယ်ယာစနစ်ဖြင့် တောင်သူများလိုအပ်သည့် ပဲပုပ်မျိုးများနှင့် ဓာတ်မြေဩဇာများကို စိုက်ထုတ်ပေးထားမည်ဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ သီးနှံများကိုလည်း ကာလပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း၊ ပဲပုပ်အထွက်နှုန်းတိုးစေမည့် နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အကြောင်းအရာများကို ဆွေးနွေးသည်။

 

လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းသီးနှံ ပဲမျိုးစုံစိုက်ဧက စုစုပေါင်း ၁၂၈၃၈ ဧကကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြေပဲနှင့် ပဲပုပ်သီးနှံကို အဓိကထားစိုက်ပျိုးကြောင်း၊ ယခုနှစ် ဆောင်းသီးနှံတွင် ကန်ထရိုက် လယ်ယာစနစ်ဖြင့် တောင်သူများက ပဲပုပ်စုစုပေါင်း ဧက တစ်ထောင်ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။  

စောဒိ(ပြန်/ဆက်)