လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို ရေရှည်တည်တံ့စွာရရှိစေရန် ကြိုတင်စီမံကိန်းချမှတ်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ချောချောစိန် ပြောကြား

နေပြည်တော် စက်တင်ဘာ ၁၇

 

အရည်အသွေး အာမခံမှုလုပ်ငန်းသည် အဆင့်မြင့်ပညာအဖွဲ့အစည်းများတွင် သင်ကြားသင်ယူမှု၊ စီမံခန့်ခွဲမှုနှင့် ပံ့ပိုးဝန်ဆောင်မှုများကို တိုးတက် ကောင်းမွန်စေရန် ရည်ရွယ်သော စဉ်ဆက်မပြတ် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို ရေရှည် တည်တံ့စွာ ရရှိစေရန် ကြိုတင်စီမံကိန်းချမှတ်ပြီး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ ချောချောစိန်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၃)၌ ကျင်းပသည့် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ် ကော်မတီ(NAQAC) အစည်းအဝေးတွင် ပြောကြား သည်။

 

ထို့အတူ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်အဆင့်၊ ဦးစီးဌာနအဆင့် ဆောင်ရွက်သင့် သည့် လုပ်ငန်းစဉ်များကို ပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာကြည်ရွှင် က အဆင့်မြင့်ပညာဦးစီးဌာနက ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ၏ကဏ္ဍ(၃)တွင် ဆုံးဖြတ်ခဲ့သော အရည်အသွေးအာမခံမှုဆိုင်ရာ ရည်မှန်းချက်(၃)ရပ် အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် NAQAC Institutional Quality Assurance Principles, Standards and Criteria များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများကို Virtual စနစ်ဖြင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပညာ ရေးစနစ်ကို ဒေသတွင်း အာဆီယံနိုင်ငံများ၏ ပညာရေးစနစ်နှင့် နှိုင်းယှဉ်လေ့လာကာ ဘွဲ့ကြိုသင်တန်း များ၏ သင်တန်းကာလကို ယနေ့ခေတ်နှင့်လိုက်လျော ညီထွေဖြစ်စေရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပရေး၊ ရန်ကုန်နှင့်မန္တလေး အဝေးသင်တက္ကသိုလ်များကို National Open University များအဖြစ် အကောင်အထည်ဖော်နိုင်ရေးနှင့် တက္ကသိုလ်များတွင် Library-based learning နှင့် Project-based learning များ ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက် သွားရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်