လိပ်ပြာစံအိမ် (The Only Mom) ရုပ်ရှင်ဇာတ်ကား စင်ကာပူနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲတွင် ထူးချွန်ဆုများရရှိ

ရန်ကုန်  ၁၈  အောက်တိုဘာ

စင်ကာပူနိုင်ငံတွင် ကျင်းပသော ASIAN Academy Creative Awards 2019 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ လိပ်ပြာစံအိမ် (The Only Mom) ရုပ်ရှင်ဇာတ်ကား ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Regional Winners ဆု ခြောက်ဆု ရရှိ ခဲ့သည်။

ပြိုင်ပွဲဝင်ဖြစ်ပုံကတော့ စင်ကာပူကနေ ကျွန်တော်တို့ဆီ အီးမေးလ်ပို့တယ်။ လိပ်ပြာစံအိမ်က ပြိုင်ပွဲဝင်ခွင့်ရတယ်။ ကျွန်တော်တို့က ဝင်ပြိုင်မယ်ဆိုတော့ သူတို့က ပုံစံတွေ ပို့ပေးတယ်။ အဲဒီကနေစပြီး ပြိုင်ဖြစ်သွားတာပါ။ အခက်အခဲကတော့ အရည်အသွေး ကောင်းဖို့အတွက် မကြိုက်မချင်း ပြန်ရိုက်ရပါတယ်။ အချိန်လည်း အများကြီးပေးရသလို ဘတ်ဂျက်လည်း အတော်သုံးခဲ့ပါတယ်။ ဒါရိုက်တာလည်း တော်ပါတယ်။ ဆုရမယ်လို့ မျှော်လင့်မထားပါဘူး။ ဆုရတယ်လို့ ပြောတဲ့နေ့က ကျွန်တော် အတော်ဝမ်းသာသွားတာ။ ကျွန်တော်တို့နိုင်ငံအတွက် ထိုက်တန်စွာရခဲ့တယ်ပေါ့။ အခု လိပ်ပြာစံအိမ်က Asia Academy Awards မှာ Regional ဆုပေါင်း ခြောက်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် Grand Award ကို ဒီဇင်ဘာ ၅ ရက်မှာ ကျင်းပမှာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်မှာ Grand Final ကို စင်ကာပူနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်ဟု Brave Empire ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးစိုးလှိုင်က ပြောသည်။

လိပ်ပြာစံအိမ် ဇာတ်ကားသည် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနှင့် အကောင်းဆုံး ဇာတ်ဝင်တေးဆုများအပြင် အကောင်းဆုံး ဒါရိုက်တာဆုကို Mr. Chartchai Ketnust က လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဝတ်မှုန်ရွှေရည် ကလည်းကောင်း၊ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို ကလေးသရုပ်ဆောင် ပြည့်ပြည့်ကလည်းကောင်း၊ အကောင်းဆုံး ဓာတ်ပုံဆုကို Mr.Tearawat Rujinatham က လည်းကောင်း စုစုပေါင်း ဆုခြောက်ဆု ရရှိခဲ့သည်။

အဆိုပါ ဇာတ်ကားကို Brave Empire Entertainment ၏ စီစဉ်မှုဖြင့် ထိုင်းရုပ်ရှင် ဒါရိုက်တာ Chartchai Ketnust က မိဘနှင့် သားသမီးတို့၏ မေတ္တာတရားကို ဖော်ကျူးရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်၊ ကလေးသရုပ်ဆောင် ဆုရတနာ၊ ပြည့်ပြည့်၊ အောင်ခန့်ပိုင်၊ သုတနှင့် အခြားသရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားခြင်း ဖြစ်သည်။

သရုပ်ဆောင်ဒေါင်းက ဒီဆုပေးပွဲမှာ လိပ်ပြာစံအိမ် (The Only Mom) ရုပ်ရှင်ဇာတ်ကားဟာ ဇာတ်ကားဆု ရရှိခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနဲ့သက်ဆိုင်တဲ့ ယဉ်ကျေးမှု၊ သံစဉ်၊ အငွေ့အသက်တွေကို နိုင်ငံတကာအလယ်မှာ ချပြခွင့်ရခဲ့ ပါတယ်။ ဒီဇာတ်ကားလေးမှာပါတဲ့ ဝါဝါထိန်ထိန် ဖိုးလမင်းတို့အိမ်ဆိုတဲ့ ကဗျာလေးနဲ့ သံစဉ်က သူတို့ မကြားဖူးတဲ့သံစဉ်နဲ့ စာသားကို သူတို့ကြိုက်ကြတယ်။ ကြိုက်တဲ့အတွက်လည်း သူတို့က ဒီဆုကိုပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို မြန်မာတွေရဲ့ ဓလေ့ထုံးစံတွေကို ဖော်ပြခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်ဟု ပြောသည်။

ဒီဇာတ်ကားလေး ရိုက်ဖြစ်သွားတာက ဒီဇာတ်ကားရဲ့ ဒါရိုက်တာက ကစ်ကို ပထမဆုံး ကမ်းလှမ်းခဲ့တာပါ။ သူနဲ့လည်း လက်တွဲ ဖူးတော့ လက်ခံပြီး ရိုက်ဖြစ်သွားတာပါ။ အမှန်တော့ ဆုရတာဝမ်းသာပါတယ်။ ဒါက မြန်မာနိုင်ငံက ပြိုင်တာပထမဆုံးအနေနဲ့ ဆုတွေရတာပေါ့။ ဒီဇာတ်ကားကလည်း မြန်မာနိုင်ငံမှာလည်း အောင်မြင်ပါတယ်။ ကိုယ့်နိုင်ငံက ထုတ်လုပ်သူတွေရော၊ အနု ပညာရှင်တွေရော နိုင်ငံတကာအဆင့် အတန်းမီအောင် ကြိုးစားကြတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ရိုက်လာ နိုင်တဲ့အတွက် မြန်မာရုပ်ရှင်ကားတွေကို နိုင်ငံတကာက သိစေချင်တယ်။ ထိုးဖောက်ချင်တယ်။ အောင်မြင်စေချင်တယ်။ ဒါကြောင့် ဒီလိုရုပ်ရှင်ကားကောင်းကောင်း တွေ ရိုက်စေချင်တယ်ဟု သရုပ်ဆောင် အကယ်ဒမီဝတ်မှုန်ရွှေရည်က ပြောသည်။

ကလေးသရုပ်ဆောင် ပြည့်ပြည့်က ဒီကားမှာ သမီးက ဦးနိုင်းနဲ့ မမကစ်ကစ်ရဲ့ သမီးနေရာက သရုပ်ဆောင်ရတာပါ။ အခက် အခဲကတော့ သရဲဝင်ပူးတဲ့အခန်းပေါ့။ အလွန်အော်ရတာ၊ အမှတ်တရတွေကတော့ အများကြီးပါပဲ။ မမကစ်ကစ်နဲ့ ဆော့ရင်းရိုက်ခဲ့တာတွေက အမှတ်တရပေါ့။ အများကြီးလည်း သင်ပေးပါတယ်။ အခုလို ဆုရရှိတဲ့အတွက် အလွန်ပျော်ပါတယ်။ သမီးရိုက်ခဲ့တဲ့ကားတွေ ကတော့ ဒီကားအပါအဝင် ၁၀ ကားလောက် ရှိပါတယ်။ ဝမ်းသာပါတယ်။ ASIAN Academy Creative Awards 2019 အဖွဲ့ကို လည်း ကျေးဇူးတင်ပါတယ်ဟု ပြောသည်။

ထိုဇာတ်ကားမှာ ပြည်တွင်း၌ ရုံတင်ပြသခဲ့စဉ် ပရိသတ်ကြိုက်နှစ်သက်သော ဇာတ်ကားကောင်းတစ်ခုဖြစ်ခဲ့ပြီး စတင်ပြသချိန်မှ ကိုးရက်အတွင်း ဝင်ငွေစံချိန်တင်ခဲ့ကြောင်း သိရသည်။

ကျော်သက်မင်း(FDC)