လီဗာပူးအတွက် အချိန်ပြည့်ကစားပေးချင်ကြောင်း ဆာလာပြော

၁၆ ဇန်နဝါရီ

လီဗာပူးတိုက်စစ်မှူး ဆာလာက လီဗာပူးအသင်းအတွက် မိနစ်တိုင်း အချိန်ပြည့် ကစားပေးချင်ပြီး လီဗာပူးအနေနဲ့  ပရီမီယာလိဂ်လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရေးအတွက်  မန်ယူအပြင် အသင်းတိုင်းကို အနိုင်ရဖို့လိုကြောင်း မန်ယူအသင်းနဲ့ ပွဲမတိုင်မီ ပွဲကြိုသတင်းစကားပါးခဲ့ပါတယ်။ 

ဆာလာက ယခုနှစ်ဘောလုံးရာသီ လီဗာပူးအတွက်  ၁၇ ဂိုး သွင်းယူပေးထားနိုင်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ် သုံးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ကာ လီဗာပူးအသင်းလည်း နိုင်ပွဲပျောက်ဆုံးရခြင်းနဲ့အတူ အမှတ်ပေးဇယားဦးဆောင်ခွင့်ကိုပါ မန်ယူအသင်းဆီ လွှဲပြောင်းပေးခဲ့ရပါတယ်။ 

ဆာလာက “ကျွန်တော်က အသင်းအတွက် မိနစ်တိုင်းကို ဝင်ကစားချင်တာ။ ကျွန်တော်က မိနစ် ၉၀ ကစားချင်တာမဟုတ်ဘူး။ ၉၅မိနစ် ကစားချင်တာပါ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ကို လေးစားရပါမယ်” လို့ ဆိုခဲ့ပါတယ်။ ဆာလာက နာကျင်အချိန်ပိုရောက်သည်အထိ တိုက်စစ်ကို ဦးဆောင်ကစားလိုကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ထို့အပြင် လီဗာပူးအသင်းအနေနဲ့  ပရီမီယာလိဂ်လက်ရှိ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းထားနိုင်ဖို့ ရှိနေတယ်လို့လည်း ယုံကြည်မှုအပြည့်ရှိကြောင်း ဆိုပါတယ်။ 

လီဗာပူးအနေနဲ့  အားကိုးရတဲ့ ခံစစ်မှူး ဗန်ဒိုက်ကို  ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး ဆုံးရှုံးရမှာဖြစ်သလို ဂျိုးဂိုးမက်ဇ်က   ဒဏ်ရာပြဿနာရှိနေပြီး    ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်း ခေါ်ယူထားတဲ့ အယ်လ်ကန်တာရာကလည်း  သုံးလကြာ ဝင်ရောက်ကစားနိုင်ဦးမှာ မဟုတ်တာကြောင့် လီဗာပူးအသင်း လူစာရင်းက အင်ပြည့်အားပြည့် အနေအထားမှာတော့ ရှိမနေပါဘူး။ 

ဒါပေမယ့်လည်း  ဘောလုံးသုံးသပ်သူ တော်တော်များများကတော့ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ ဗျူဟာပိုင်းကြေညက်မှုနဲ့ နည်းစနစ်ပိုင်းနိုင်နင်းမှုတွေကြောင့် လီဗာပူးက မန်ယူကို  အနိုင်ယူပြီး ပရီမီယာလိဂ်အမှတ်ပေးဇယားဦးဆောင်ခွင့်ကို ပြန်လည် ထိန်းသွားမှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။ 

မေလဲ့သင်း