လီဗာပူးအသင်းက ဂျန့်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်၌ ထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့

၇  နိုဝင်ဘာ

ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ ပွဲစဉ် ၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ ဂျန့်အသင်းတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့်မှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂျန့်အသင်းနဲ့ ပွဲစဉ်မှာ ပွဲကစား ချိန် ၁၄ မိနစ်မှာ သွင်းယူခဲ့တဲ့ ဝစ်နယ်ဒန်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲကစားချိန် မိနစ် ၄၀ မှာ ဆာမက်တာရဲ့ ချေပဂိုး သွင်းယူခြင်းကို ခွင့်ပြုပေးလိုက်ရ တာကြောင့် ဒီနှစ်သင်းရဲ့ ပထမပိုင်းရလဒ်ဟာ တစ်ဖက် တစ်ဂိုးစီ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းဟာ ပွဲကစားချိန် ၅၃ မိနစ်မှာ သွင်းယူခဲ့တဲ့ ချန်ဘာလိန်ရဲ့သွင်းဂိုးကြောင့် ဂျန့်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီလို နိုင်ပွဲရရှိခဲ့တာကြောင့် လီဗာပူးအသင်းဟာ အုပ်စုအဆင့်မှာ ရမှတ်ကိုးမှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပြီး နာပိုလီအသင်းကတော့ ရမှတ်ရှစ်မှတ်နဲ့ ဒုတိယနေရာက | ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခြားသော ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ဘာစီလိုနာအသင်းနဲ့ ဆလာဗီယာပရက်အသင်းတို့ ပွဲစဉ်မှာ ဂိုးမရှိ  သရေ၊ နာပိုလီအသင်းရဲ့ ဆယ်လ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေ၊ ချယ်လ်ဆီးအသင်းနဲ့ အေဂျက် အသင်းတို့ပွဲစဉ်မှာ တစ်ဖက်လေးဂိုးစီသရေ စသဖြင့် သရေရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး လိုက်ဇစ်အသင်းက ဇင်းနစ်အသင်းကို နှစ်ဂိုးပြတ်နဲ့လည်းကောင်း၊ ဒေါ့မွန်အသင်းက အင်တာမီလန်အသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ လည်းကောင်း၊ လိုင်ယွန်အသင်းက ဘင်ဖီကာအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ လည်းကောင်း၊ ဗလင်စီယာအသင်းက လိုင်လီအသင်းကို လေးဂိုး-တစ်ဂိုးနဲ့လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ၂၀၁၄ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းမှာ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဥရောပပြိုင်ပွဲ ၂၄ ပွဲစလုံး ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၄ ပွဲမှာ ၁၈ ပွဲနိုင်၊ ခြောက်ပွဲသရေရလဒ် ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၀ ရက်)မှာ ပရီမီယာလိဂ်ပွဲစဉ်အဖြစ် ဖလားလုဘက်လို့ ဆိုရမယ့် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်မှာတော့ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကစားရမှာလည်း ဖြစ်ပါတယ်။

ငွေကြယ်