နေပြည်တော် ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြော မှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့သဖြင့် ယနေ့အထိ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၁ ရွာ၊ ဟင်္သာတမြို့နယ်တွင် ကျေးရွာ ၃၇ ရွာ၊ ရေကြည်မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၄ ရွာ၊ ငသိုင်းချောင်းမြို့ မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ကျုံပျော် မြို့နယ်တွင် ကျေးရွာခြောက်ရွာ စုစုပေါင်း မြို့ပေါ် ရပ်ကွက်ကိုးခုနှင့် ကျေးရွာ ၁၈၈ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ငဝန်ပန်းတာမှ ရေဝင်လမ်း ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ငဝန်ပန်းတာရေဝင်လမ်းအား (Geobags) အိတ်များ ချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်း၊ Steel Sheet Pile ရိုက်သွင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် ရေပြန်လည်ကျဆင်းသွားသည့် နေရာများရှိ စာသင်ကျောင်းများတွင် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုသို့ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


