ပုသိမ် ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ဒေါင့်ကြီးကျေးရွာကျောင်းတိုက် ဓမ္မာရုံ၊ ညောင်ဝိုင်းကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ ကျောင်းတိုက်တို့မှ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့သွားရောက် ထောက်ပံ့ပေးအပ်သည်။
ဖြည့်ဆည်းဆောင်ရွက်
ရေဘေးသင့် ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သွားရောက်တွေ့ဆုံ ထောက်ပံ့ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေး အသိပညာများကို ဆွေးနွေးပြောကြားကြသည်။
ထို့ပြင် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေကျော်စီးဝင်သည့် ပန်းတာကို ရှေ့ဘက်တာဟောင်းမှ ရေလမ်းကြောင်းထိန်း တုတ်တန်း အပြီးသတ် ဆောင်ရွက်ပြီးစီးမှု၊ ပန်းတာ ရေဝင်ပေါက်ရေကာ တုတ်တန်း လက်ဝဲ/ လက်ယာ စတင်ဆောင်ရွက်နေမှု၊ ပစ္စည်းများ စုဆောင်းထားရှိမှု၊ ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန်အတွက် Geo Bag အိတ်များ ချုပ်လုပ်ပြီးစီးမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ရပ်ကွက်များ၊ ကျေးရွာအုပ်စုများအတွင်း ရေစတင်ဝင်ရောက်ချိန်မှ စတင်ကာ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပရဟိတအဖွဲ့များ၊ တစ်ဦးချင်းအလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ အနုပညာရှင်များကလည်း ကွပ်ကဲရေးရုံးများနှင့် ချိတ်ဆက်၍ ထောက်ပံ့ပစ္စည်း များကို နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


