ပုသိမ် အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ် ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော် စီးဝင်ခဲ့သဖြင့် အခြေခံပညာ ကျောင်းများ ယာယီပိတ်ထားခဲ့ရာ ယခုအခါ ရေပြန်လည်ကျဆင်း သွားပြီဖြစ်သည့်အတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။
လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ အခြေခံပညာအထက် တန်းကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပံ့ပိုးပေးသည်။
ပေးအပ်
ကြည့်ရှုစဉ် ရေပြန်လည်ကျဆင်းပြီဖြစ်သဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ ပုံမှန်အတိုင်းပညာသင်ကြားနိုင်ပြီ ဖြစ်ကြောင်း၊ ရေကျော်စီးဝင်ပြီး စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရသောကြောင့် ကျောင်းသား ကျောင်းသူများ၏ သင်ခန်းစာများ နောက်ကျမှုမရှိစေရေးနှင့် ပြန်လည်အစားထိုးသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း အားပေးပြောကြားပြီး ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့ပြင် အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စခန်းသွင်း သင်ကြားပေးနေသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများအတွက် နေ့လယ်စာ ချက်ပြုတ်ပြင်ဆင်နေမှုကို ကြည့်ရှုအားပေးပြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံဆွေးနွေးကာ အိုင်သပြုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအတွက် ရေသန့်စက်၊ ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်သည်။
ယမန်နေ့ကလည်း ရေကြည်မြို့နယ် ဆီဆုံ ကုန်းကျေးရွာတွင် ကျင်းပခဲ့သည့် ရေလွှမ်းဒေသရှိ မိုးစပါးပြန်လည်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ၊ ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက် အုတ်ပုံရိုး ရေထွက်မြောင်း တိုးချဲ့ဆောင်ရွက်နေမှု၊ ရေပြန်လည် ကျဆင်းသဖြင့် ငါးသိုင်းချောင်းမြို့ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်မှုနှင့် ရွှေဘိုရပ်ကွက် ဘုရားကြီး ကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ငါးသိုင်းချောင်းမြို့ ကြပ်ကွင်းကျေးရွာတွင် စပါးပြန်လည်စိုက်ပျိုးမည့် လယ်မြေများ၌ စက်မှုလယ်ယာဦးစီးဌာနက ထွန်ယက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း ပြန်လည်ဖွင့်လှစ် သင်ကြားနေမှု၊ အိုင်သပြုကျေးရွာတွင် စပါးသီးနှံပြန်လည်စိုက်ပျိုးမည့် လယ်မြေများတွင် စက်မှုလယ်ယာဦးစီးဌာနက ထွန်ယက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ရေကြီး နစ်မြုပ်မှုကြောင့် ပျက်စီးသွားသော စပါးစိုက် တောင်သူများအတွက် စပါးမျိုးစေ့များနှင့် ဟင်းသီး ဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ လေးမျက်နှာမြို့အတွင်း ရေများမကျန်ရှိစေရေးအတွက် မြို့ပတ်တာတွင် ရေမြောင်း တူးဖော်၍ ရေဖောက်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက် အောင်မင်္ဂလာဈေး ရောင်းဝယ်ဖောက်ကားနေမှု၊ လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်မှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


