ပုသိမ် စက်တင်ဘာ ၁၀
ဟင်္သာတခရိုင် လေးမျက်နှာ မြို့နယ်အတွင်း ရေဘေးဖြစ်ပွားခဲ့သည့် ဒေသများရှိ ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာအုပ်စု စက်ပိုင်း ကျေးရွ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ မဖြစ်ပွားစေရေး ရေသန့်ဆေး ကလိုရင်းခတ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ သုံးစွဲနိုင်ရေးအတွက် လေးမျက်နှာမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ထရန်စဖော်များ စစ်ဆေးပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပေးအပ်
ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးပြီး ခမောက်စုကျေးရွာအုပ်စု အချုပ်ကလေးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ကာ ရေပြန်လည်ကျဆင်းလာသဖြင့် ကျောင်းပြန်လည် ဖွင့်လှစ်သင်ကြားနေမှု အခြေအနေကို ကြည့်ရှုအားပေးပြီး ဆရာ ဆရာမများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ လေးမျက်နှာမြို့နယ် ပိန်းအင်းကျေးရွာအုပ်စု ဟံသာအေးကျေးရွာ၌ ရေဝင်ရောက်မှု ပြန်လည်ကျဆင်းလာသဖြင့် နေအိမ်များတွင် ပြန်လည် နေထိုင်ကြသည့် ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးပြီး ပိန်းအင်းကျေးရွာအုပ်စု ရုံးတော ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းပြန်လည် ဖွင့်လှစ် သင်ကြားနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ ဆရာ ဆရာမများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
လှည့်လည်ကြည့်ရှု
ထို့ပြင် အိုင်သပြုကျေးရွာအုပ်စု မယင်း(မြောက်) ကျေးရွာရှိ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ရေသန့်ဆေး ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လေးမျက်နှာမြို့နယ် အိုင်သပြု တိုက်နယ် ဆေးရုံသို့ သွားရောက်၍ ဆေးရုံပြန်လည်ဖွင့်လှစ်ထားရှိမှုနှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသည့် လူနာများကို ကြည့်ရှုအားပေး စကားများ ပြောကြားကာ လူနာများအား ကြက်ဥများပေးအပ်၍ ဆေးရုံ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာအုပ်စု အိုင်သပြု လမ်းဆုံတွင် နေအိမ်များ၌ ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


