လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေကျဆင်းသွားသည့်နေရာများအား သန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၀

 

ဧရာဝတီ တိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ် ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့သဖြင့် ယနေ့အထိ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၁ ရွာ၊ ဟင်္သာတမြို့နယ်တွင် ကျေးရွာ ၃၇ ရွာ၊ ရေကြည်မြို့ မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၉ ရွာ၊ ငသိုင်းချောင်းမြို့ မြို့ပေါ် ရပ်ကွက် နှစ်ခုနှင့် ကျုံပျော်မြို့နယ်တွင် ကျေးရွာ ခြောက်ရွာ စုစုပေါင်း မြို့ပေါ် ရပ်ကွက် ကိုးခုနှင့် ကျေးရွာ ၁၈၃ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

 

ထို့ကြောင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားများ စုပေါင်း၍ ရေဘေးသင့် ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံ ပို့ဆောင်ပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ငဝန်ပန်းတာမှ ရေဝင်လမ်း ထိန်းချုပ်ကာကွယ်နိုင်ရန် အတွက် ငဝန်ပန်းတာ ရေဝင်လမ်းအား Geobags အိတ်များချ ခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်း၊ Steel Sheet Pile ရိုက်သွင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိ သည်။

 

ထို့ပြင် ရေပြန်လည်ကျဆင်း သွားသည့်နေရာများရှိ စာသင်ကျောင်းများ၊ လမ်းများတွင် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်များအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်