လေ့လာဖူးမြော် ရန်အောင်မြင်စေတီတော်

တံတားဦး ၃၁ ဒီဇင်ဘာ

အင်းဝမြို့ဟောင်းသည် စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုဇုန်နယ်မြေဖြစ်ပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်များ အားထားလေ့လာသည့် နေရာတစ်ခုပင်ဖြစ်သည်။ အင်းဝမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့မြောက်ဘက် ၂ မိုင် ၄ ဖာလုံ၊ မန္တလေးမြို့အနောက် တောင်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစဉ်အချိန် နိုင်ငံတကာ ခရီးသွားဧည့်သည်များ ကားများဖြင့်လာရောက်ပြီး ဒုဋ္ဌဝတီမြစ်တစ်ဖက်ကမ်းတွင် ကားများကိုထား၍ အိုးတုတ္တန်းမှ အင်းဝဘက်သို့ စက်လှေဖြင့်ကူးကာ မြင်းလှည်းများဖြင့် လေ့လာလေ့ရှိသည်။

အင်းဝမြို့ကို သက္ကရာဇ် (၇၂၆)တွင် သတိုးမင်းဖျား (အေဒီ ၁၃၆၄-၁၃၆၈)က စတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်းဆက် ဘကြီးတော် (အေဒီ ၁၈၁၉-၁၈၃၇) အထိ ထီးနန်းစိုက်ခဲ့သည်။ နှစ်ပေါင်း (၄၀၀)ကြာ တည်ရှိခဲ့ပြီး မင်းဆက် (၃၁)ဆက်စိုးစံခဲ့သော စိတ်ဝင်စားဖွယ်ရာ မြို့ဟောင်းဖြစ်သည်။ အင်းဝမြို့ဟောင်းတွင် နံရံဆေးရေးပန်းချီများရှိသော ဘုရား (၅)ဆူ၊ ရှေးဟောင်း ကျောက်စာရှိသော ဘုရား (၇)ဆူ၊ ကြေးခေါင်းလောင်းစာရှိသော ဘုရား (၃)ဆူရှိပြီး ရှေးဟောင်းအဆောက်အအုံပေါင်း (၆၂၄)ခုကို လေ့လာနိုင်သည်။ ထိုအထဲတွင်  အင်းဝဘုရင် မင်းခေါင်တည်ထားခဲ့သော လေ့လာဖူးမြော် ရန်အောင်မြင်စေတီတော်လည်း ပါဝင်သည်။

ရန်အောင်မြင်စေတီသည် တံတားဦးမြို့နယ်၊ သဲမောင်းကန်ရွာတွင် ရှိသည်။ အင်းဝဘုရင် မင်းခေါင်ကြီးသည် ရန်အောင်မြင်အရပ်တွင် စည်းခုံကြီးတည်ထားကာ ရန်အောင်မြင် စည်းခုံကြီးဟု တွင်စေခဲ့ကြောင်းကို ကျောက်စာမှတ်တမ်းများအရ သိရသည်။

ရန်အောင်မြင်စေတီမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ညောင်ရမ်းခေတ်က တောင်ဖီလာ ပုဂ္ဂိုလ်ကျော်သည် သာလွန်မင်းထံပို့သော မေတ္တာစာအရ ရန်အောင်မြင်ဟူသော အမည်သည် အနိရုဒ္ဓ လက်ထက်က စခဲ့ကြောင်း သိရသည်။ အနော်ရထာမင်းကြီးသည် တရုတ်ပြည်မှအပြန် သန်လျက်ကျွန်း ဘားတမော့အရှေ့တွင် ရန်အောင်မြင်စေတီကို တည်ခဲ့သည်။ အနိရုဒ္ဓမင်းသည် အင်းဝကူးတို့ဆိပ်တွင်လည်း ရန်အောင်မြင်စေတီတစ်ဆူ တည်ခဲ့သည့် အထောက်အထားများအရ ရန်အောင်မြင်စေတီတော်သည် အနိုရုဒ္ဓမင်းက စတင်တည်ခဲ့ပြီး မင်းခေါင်ကြီးက ထပ်မံတည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ရန်အောင်မြင်စေတီတော်မှာ တံတားဦးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသွားရာ လမ်းပေါ်မှ ထူးခြားစွာ ဖူးမြော်နိုင်သော စေတီတော်တစ်ဆူအဖြစ် တည်ရှိသည်။

တိမ်တမန်