လေစိမ်းတိုက်လို့ ဖျားတာလား

ဖျားနေပြီမလား လေတိုက်ခံတာကိုး၊လေစိမ်းတွေတိုက်ရင် ဖျားလိမ့်မယ်တဲ့။ လူကြီးမိဘတွေ အစဉ်အဆက် ပြောခဲ့ကြတယ်။ အရင်တည်းက ဒီလိုယုံကြည်လာခဲ့ကြပေမယ့် သိပ္ပံနည်းကျလေ့လာမှုတွေ၊ သုတေသနတွေအရတော့ လေအေးတွေက အအေးမိတုပ်ကွေးဖြစ်စေတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အသက်ရှူလမ်းကြောင်းစနစ်အတွက် လေအေးရဲ့သက်ရောက်မှုကို တစ်ဖက်ကနေ လေ့လာကြည့်ရအောင်ပါ။ လေအေးတိုက်တယ်ဆိုတာက အရေးပါတဲ့ခန္ဓာကိုယ်ခုခံမှုယန္တရားဖြစ်တဲ့ ချွဲသလိပ်တွေရဲ့လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။ အသက်ရှူလမ်းကြောင်းတစ်ခုလုံးကို ချွဲသလိပ်အလွှာပါးတစ်ခုက ဖုံးအုပ်ထားပါတယ်။  အဆုတ်ထဲကို အမှုန်အမွှားတွေနဲ့ ရောဂါပိုးမွှားတွေ မဝင်ရောက်ခင် အဲဒီအလွှာက တားဆီးဆွဲယူထားလိုက်တာ ဖြစ်ပါတယ်။ ပြောရရင် အသက်ရှူလမ်းကြောင်းထဲက အမှုန်အမွှားတွေကို စက်ခါးပတ်တစ်ခုလို ဆွဲယူဖယ်ရှားပေးတာပါ။ ဒီအလွှာရဲ့လုပ်ဆောင်ချက်တွေက ချွဲသလိပ်တွေရဲ့ ထိုက်သင့်သလောက် စေးကပ်နိုင်စွမ်း(အမှုန်တွေကို) နဲ့ ပမာဏ (အမှုန်တွေကိုဆွဲယူ၊ ဖယ်ရှားရွေ့လျားနိုင်စွမ်း)ကို မူတည်နေပါတယ်။ ဒါကိုလေတိုက်ခြင်းကြောင့်၊ ဓါတုပစ္စည်းတွေကြောင့်၊ ဆေးလိပ်ကြောင့်၊ ဒါမှမဟုတ် တခြားအကြောင်းကြောင့် သက်ရောက်ပြောင်းလဲစေခဲ့ရင် အသက်ရှုလမ်းကြောင်းမှာ ရောဂါပိုး ကူးစက်ခံရလွယ်စေပါတယ်။

လေအေးတွေက ချွဲသလိပ်ထွက်ရှိမှုကို တိုးစေဖို့ နှိုးဆွတာဖြစ်ပေမယ့် ချွဲသလိပ်ဆိုတာ ရာသီဥတု ပတ်ဝန်းကျင် အေးနေရင် ပိုပျစ်လာတတ်ပါတယ်။ ဒါ့ကြောင့် လေအေးတွေကို ရှူလိုက်တဲ့အခါ ပါလာတဲ့အမှုန်အမွှားတွေကို ဖယ်ရှားရ မလွယ်တော့ပါဘူး။

နောက်တစ်ချက်က နှာခေါင်းလမ်းကြောင်းပါ။ နှာခေါင်းဟာ ရှူသွင်းလိုက်တဲ့လေကို အသုံးချပြီး နုနယ်တဲ့ အဆုတ်တစ်ရှူးတွေကို ကာကွယ်နိုင်ဖို့ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရှူသွင်းလိုက်တဲ့ လေရဲ့စိုထိုင်းမှုကို တသမတ်တည်းဖြစ်အောင် နှာခေါင်းက အစိုဓါတ်ထိန်းညှိပေးပါတယ်။ အပူချိန်ကိုလည်း ဒီအတိုင်းပါပဲ။ ရှူသွင်းလိုက်တဲ့ လေရဲ့အပူချိန်ကို တစ်စက္ကန့်ရဲ့ လေးပုံတစ်ပုံအတွင်းမှာပဲ သွေးကြောသေးသေးလေးတွေရဲ့ အကူအညီနဲ့ နှာခေါင်းက ပြောင်းလဲပေးပါတယ်။ လေအေးတွေကို နှာခေါင်းက ရှူရှိုက်လိုက်တဲ့အခါ ဆံချည်မျှင်သွေးကြောလေးတွေ ကျယ်ကားလာတဲ့အတွက် အမြှေးပါး တစ်ရှူးတွေက ဖောင်းလာတယ်၊ လေအေးကို အပူချိန်ပြောင်းလဲပေးလိုက်ပါတယ်။ နှာစေးနှာပိတ်ဖြစ်လာတဲ့အခါ အတွင်းမှာရှိနေတဲ့ ချွဲတွေက ပိုများလာ၊ ပိုပျစ်လာပါတယ်။ လေအေးတွေကြောင့် နှာစေး၊ နှာပိတ်ဖြစ်လာနိုင်ပြီး ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေဖယ်ရှားနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။

နောက်ဆုံးသက်ရောက်စေတာကတော့ အဆုတ်ကိုပါပဲ။ လေအေးတွေက အဆုတ်ထဲရောက်တဲ့အခါ အဆုတ်က histamineတွေထုတ်ပြီး တုံ့ပြန်ပါတော့တယ်။ အဲဒီအခါ နှာခေါင်း၊ လည်ချောင်း တို့မှာhistamineကြောင့် ယားတာ၊ ရောင်ရမ်းတာတွေ ဖြစ်စေတာကြောင့် ပန်းနာရင်ကျပ် သို့မဟုတ် အသက်ရှူလမ်းကြောင်းမှာ ဓါတ်မတည့်မှု ဖြစ်လွယ်တဲ့သူတွေမှာ အသက်ရှူသံ တရွှီရွှီနဲ့ ရင်ကျပ်စေပါတယ်။
လေအေးတွေကြောင့် အအေးမိဖြစ်စေတာတော့ မဟုတ်ပေမယ့် တစ်နည်းအားဖြင့် သွယ်ဝိုက် သက်ရောက်နိုင်တယ်၊ အအေးမိတုပ်ကွေးဖြစ်လာစေတဲ့အကြောင်းရင်းတွေကို အားပေးတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒီတော့လေအေးတွေကို ရှူရှိုက်မိရင် အဆုတ်ကိုရောက်မယ့် လေကိုနွေးစေဖို့အတွက် နှာခေါင်းနဲ့ပါးစပ်နားမှာ ပဝါလေးတစ်ထည်လောက်ပတ်ထားပါ။ နှာခေါင်းနဲ့ရှူသွင်းပြီး ပါးစပ်ကရှူထုတ်ပါ။ အေးတဲ့ရာသီမှာ လေထုညစ်ညမ်းမှုများတတ်တာကြောင့် ပန်းနာရင်ကျပ်နဲ့အဆုတ်ရောဂါရှိသူတွေမှာ ထိခိုက်နိုင်ခြေ ပိုများပါတယ်။

အအေးမိဝေဒနာ ဘယ်လိုကာကွယ်မလဲ

အေးနေတဲ့ရာသီဥတုမှာ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင် အဆုတ်ကိုလေအေးတွေ တိုက်ရိုက်မရောက်စေဖို့ ပါးစပ်နဲ့အသက်မရှူပါနဲ့။ နှာခေါင်းနဲ့ပဲ အသက်ရှူပါ။

ရေများများသောက်ပါ။ ချွဲတွေကို ကျဲစေပြီးရောဂါပိုးမွှားဖယ်ရှားမှုလုပ်ငန်းစဉ်ကို ပိုအထောက်အကူပေးပါတယ်။

လက်ကို မကြာခဏဆေးကြောပါ။

နေမကောင်းဖြစ်နေတဲ့သူတွေနဲ့ကြုံရင်၊ အနီးကပ်လူတစ်ဦးဦးမှာ နေမကောင်းဖြစ်ရင် အသက်ရှူလမ်းကြောင်းက တဆင့် ကူးစက်မှုကို သတိပြုပါ။ နှာခေါင်းစည်းသုံးပါ၊ လက်ဆေးပါ။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”