နေပြည်တော် စက်တင်ဘာ ၁၆
လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးနိုင်ရန်အတွက် ဆောင်ရွက်နေသည့် စီမံကိန်းများ အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေရှိ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ရွှေမြို့ပင်မဓာတ်အားခွဲရုံများကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူ များအား မှာကြားသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ယခု မိုးရာသီကာလအတွင်း ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်မှု၊ ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနေစဉ်အတွင်း ဓာတ်အားစနစ် တစ်ခုလုံး ပြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်ရမှုအခြေအနေ၊ လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ဖြန့်ဖြူးရန် ဆောင်ရွက်ထားမှုတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြ သည်။
တင်ပြမှုများအပေါ် System Breakdown ဖြစ်ပေါ်မှုသည် ဓာတ်အားစနစ်တွင် လက်ခံနိုင်စရာမရှိသည့်အတွက် ပပျောက်စေရေး ဆောင်ရွက်လျက်ရှိသော်လည်း အချိန်ကာလတစ်ခု ကြာမြင့် မည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နေချိန်အတွင်း နိုင်ငံတော်၏ အရေးကြီး နေရာများတွင် ဓာတ်အား လုံးဝပြတ်တောက် မသွားစေရေးနှင့် အမြန်ဆုံး ဓာတ်အားစနစ် ပြန်လည်မောင်းနှင် နိုင်ရေးအတွက် Battery Energy Storage System (BESS) စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိရာ ဓာတ်အားပေးရမည့် နေရာများအလိုက် အနည်းဆုံးလိုအပ်မည့် ဝန်အားများကို တိကျစွာ တွက်ချက်ထားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့အတူ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ တင်ပြမှုများကိုလည်း ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထု ယုံကြည် အားကိုးရသည့် လျှပ်စစ်ဓာတ်အား စနစ် ဖြစ်ပေါ်လာစေရေးအတွက် ဓာတ်အားထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ ဖြန့်ဖြူးမှု အပိုင်း သုံးပိုင်းလုံးတွင် ဟန်ချက်ညီ တိုးတက်လာစေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


