ဗီယင်ကျန်း ဩဂုတ် ၃
လာအိုနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အစွမ်းထက်ထိရောက်သည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် နိုင်ငံအတွင်းရှိ အစိုးရဌာနများနှင့် လူမှုအသိုင်းအဝိုင်းများအကြား ခိုင်မာစွာပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဇူလိုင် ၃၀ ရက်တွင် ကျရောက်သည့် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တရားရေးဝန်ကြီး ခမ်ဖန်ပွန်မသက်က ပြောကြားသည်။ လာအိုအစိုးရနှင့် အမျိုးသားအဆင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကော်မတီတို့အနေဖြင့် သက်ဆိုင်ရာကဏ္ဍများအား တာဝန်များပေးအပ်ထားပြီး လူမှုအသိုင်းအဝိုင်းများကိုလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် ပန်ကြားခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်း နိုင်ငံသားများအား လူကုန်ကူး သူများ၏ သားကောင်များမဖြစ်စေရေးအတွက် မီဒီယာပလက်ဖောင်းများမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကာ ဖျော်ဖြေရေးလုပ်ငန်းများကိုလည်း ချမှတ်ထားသည့် စည်းကမ်း များကို လိုက်နာခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဟု သိရသည်။
တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်စပ်တာဝန်ရှိသူများသည် နယ်စပ်ထိန်းချုပ်မှုများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး နယ်စပ်ဝင်ထွက်မှုဆောင်ရွက်ချက်များကို တင်းကျပ်စွာစောင့်ကြည့်ကာ တရားမဝင်ဆောင်ရွက်သည့် အိမ်ထောင်ပြုရေးလုပ်ငန်းဆိုင်ရာ ပွဲစားကွန်ရက်များကို ဖြိုခွင်းမည်ဖြစ်ပြီး တရားမဝင်ရွှေ့ပြောင်းလုပ်သားများကိုလည်း အရေးယူဆောင်ရွက်မည်ဟု သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


