ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က ကလေးများအား ဆိုရှယ်မီဒီယာနှင့် ဉာဏ်ရည်တု နည်းပညာများ၏ အန္တရာယ်မှ ကာကွယ်ပေးသည့် ဥပဒေများကို လက်မှတ်ရေးထိုး

ဝါရှင်တန်  စက်တင်ဘာ  ၁၃

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က ကလေးများအား ဆိုရှယ်မီဒီယာနှင့် ဉာဏ်ရည်တု နည်းပညာများ၏ အန္တရာယ်မှ ကာကွယ်ပေးသည့် ဥပဒေများကို ယမန်နေ့က လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်။

အဆိုပါဥပဒေများအရ ဆိုရှယ်မီဒီယာကုမ္ပဏီများသည် အသက် ၁၆ နှစ်အောက် အသုံးပြုသူများအား ဗီဒီယိုများကို အလိုအလျောက် ဆက်တိုက်ဖွင့်ပြခြင်းနှင့် အသုံးပြုသူ၏ ယခင်ကြည့်ရှုမှုမှတ်တမ်းအပေါ် အခြေခံ၍ အကြောင်းအရာများကို ရွေးချယ်ပြသခြင်းကဲ့သို့သော စွဲလမ်းစေနိုင်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းမှ တားမြစ်ခံရမည်ဖြစ်သည်။ ဥပဒေများကို ချိုးဖောက်ပါက ကုမ္ပဏီများအနေဖြင့် ငွေဒဏ်ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် AI chatbot များကို အသုံးပြုသည့် ကလေးများအတွက် ကာကွယ်ပေးသည့် စည်းမျဉ်းများ၊ အစီအမံများကိုလည်း ဥပဒေများက ပိုမိုတင်းကျပ်ခိုင်မာအောင် ပြုလုပ်ထား ကြောင်း သိရသည်။

ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ chatbot များသည် လူသားများမဟုတ်ကြောင်း ရှင်းလင်းစွာဖော်ပြသည့် စနစ်တစ်ခုကို မိတ်ဆက်အသုံးပြုရန်နှင့် မိမိကိုယ်ကိုအဆုံးစီရင်ခြင်း သို့မဟုတ် ကိုယ်ခန္ဓာကို ထိခိုက်နာကျင်စေခြင်းဆိုင်ရာ ဆွေးနွေးပြောဆိုမှုများ ဖြစ်ပေါ်လာသည့်အခါ မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှ ကာကွယ်ပေးရေးဆိုင်ရာ အကူအညီပေးသည့် ဖုန်းလိုင်းနံပါတ်များကို ပြသခြင်းကဲ့သို့သော အစီအမံများကို ထည့်သွင်းလုပ်ဆောင်ရန် ဥပဒေက ပြဋ္ဌာန်းထားသည်။

ထို့ပြင် ကလေးများ၏ အွန်လိုင်းလှုပ်ရှားမှုများကို မိဘများအနေဖြင့် ကြီးကြပ်ထိန်းချုပ်နိုင်စေရေးအတွက် ကုမ္ပဏီများက အားပေးကူညီဆောင်ရွက်ရန်လည်း ဥပဒေတွင် ရေးဆွဲထားကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် လူငယ်များအနေဖြင့် ဆိုရှယ်မီဒီယာကို စွဲလမ်းလာခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်