ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းမော်မြို့နယ်အတွင်း ကုန်စစ်ဆေးရေးစခန်း ဖွင့်လှစ်

မြစ်ကြီးနား သြဂုတ် ၂၉

 

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန် ချောမွေ့စေရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ တိုးပွားရရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးအတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို ယနေ့ဖွင့်လှစ်ပြီး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 

ဖွင့်လှစ်

 

အဆိုပါ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် တစ်သျှူးငှက်ပျော၊ ဖရဲ၊ ငရုတ်၊ ရော်ဘာ စသည့်စိုက်ပျိုးရေးသီးနှံပို့ကုန်များနှင့် တစ်ဖက်နိုင်ငံမှ ခွင့်ပြုထားသည့် သွင်းကုန်များအား တရားဝင်ကုန်သွယ်မှုဖြင့် နိုင်ငံတော်အခွန်ငွေရရှိစေရေး၊ တရားမဝင်ကုန်သွယ်မှုများ ပပျောက်စေ‌ရေးအတွက် ယာယီမြေနေရာများ ကွင်းဆင်းရှာဖွေဆောင်ရွက်ခဲ့ရာ ယခုဖွင့်လှစ်သည့် မိုင်းနားကျေးရွာအတွင်း တောင်သူဦးတင်မြင့်ပိုင် မြေနေရာအတွင်းရှိ ကုန်ချိန်းကွင်းနေရာ၌ ကုန်စစ်ဆေးရေးစခန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။

 

အဆိုပါစခန်းဖွင့်ပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားပြီး ကုန်စစ်ဆေးရေးစခန်း ဆိုင်းဘုတ်ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ ဦးယွပ်ဇော်ခေါင်တို့နှင့်အတူ ဖွင့်လှစ်ပေးကာ စခန်းအတွင်း တစ်ဖက်တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဌာနဆိုင်ရာ အစုအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုနှင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။

 

ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့် ကံပိုင်တည်-မြစ်ကြီးနား-မန္တလေးလမ်းကြောင်းနှင့် လွယ်ဂျယ်-ဗန်းမော်-မန္တလေး လမ်းကြောင်းများသည် ၂၀၂၄ ခုနှစ်အတွင်း နယ်မြေလုံခြုံရေး အခြေအနေအရ ယာယီပိတ်ထားခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုကို ခံယူ၍ ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မတ်လအတွင်း ရွှေမိုးတောင်ဘုရား မုခ်ဦးမြေနေရာတွင် ယာယီဖွင့်လှစ်ဆောင်ရွက်ခဲ့ကာ အဆိုပါ ယာယီဖွင့်လှစ်ဆောင်ရွက်စဉ် ကာလအတွင်း သွင်းကုန်/ ပို့ကုန် ယာဉ်အစီးရေ စုစုပေါင်း ၃၆၂၄ စီးတွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၅၄၇ သန်းကို ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

 

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် အောင်ဇေရန်အောင် ဘုရားဝင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြစ်ကြီးနားမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းမြေနေရာများနှင့် အလှူရှင်များ၏ မြေနေရာများတွင် ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

ပြည်နယ် (ပြန်/ဆက်)