တက္ကသိုလ် ဟန်စိုးဦး
လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ သက်တမ်းဟာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့နေရာကိုဆက်ခံမယ့် အတွင်းရေးမှူးချုပ်အသစ်ကို ရွေးချယ်သွားဖို့ ရှိနေပါတယ်။ လောလောဆယ် လက်တင်အမေရိကဒေသနဲ့ ကာရစ် ဘီယံဒေသ၊ အာဖရိကဒေသက ကိုယ်စားလှယ်လောင်းရှစ်ဦးက အမည်စာရင်း တင်သွင်းထားကြပါတယ်။
ကိုယ်စားလှယ်လောင်းများ
အဲဒီရှစ်ဦးကတော့ ချီလီနိုင်ငံ သမ္မတဟောင်း Michelle Bachelet၊ အီကွေဒေါနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဟောင်းနဲ့ (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ သဘာပတိဟောင်း Maria Fernanda Espinosa၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံဆိုင်ရာ အီကွေဒေါနိုင်ငံ သံအမတ်ကြီးဟောင်းနဲ့ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးဟောင်း Ivonne Abad Baki၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA)ရဲ့ ညွှန်ကြားရေးမှူးချုပ် အာဂျင်တီးနားနိုင်ငံက Rafael Mariano Grossi၊ ကော့ စတာရီကာနိုင်ငံ ဒုတိယသမ္မတဟောင်းနဲ့ ကုလသမဂ္ဂကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (UNCTAD) ရဲ့ အတွင်းရေးမှူးချုပ် Rebecca Grynspan Mayufis၊ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဟောင်း ယူဂန်ဒါနိုင်ငံက Olara Otunnu၊ ဂိုင်ယာနာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ့ ကုလသမဂ္ဂဆိုင်ရာ ဂိုင်ယာနာ အမြဲတမ်းကိုယ်စားလှယ် Carolyn Rodrigues Birkett၊ ဆီနီဂေါနိုင်ငံ သမ္မတဟောင်းနဲ့ အာဖရိက သမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း Macky Sall တို့ ဖြစ်ကြပါတယ်။
အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့တဲ့ သက်တမ်းဟာ ပထဝီနိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေ နက်နက်ရှိုင်းရှိုင်းရှိနေမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ အမြောက်အမြားကြုံတွေ့ရမှု၊ ကမ္ဘာ လုံးဆိုင်ရာပြောင်းလဲမှုတွေ ဖြစ်ပေါ်နေခဲ့တဲ့ကာလ ဖြစ်ပါတယ်။
အန်တိုနီယိုဂူတာရက်စ်ဟာ ရာသီဥတုပြောင်းလဲမှုကို အရေးတကြီး ကိုင်တွယ်ဆောင်ရွက် ရမယ့်ကိစ္စရပ်တစ်ခုအဖြစ် တွန်းအားပေးဆောင်ရွက်ခဲ့ပြီး ပါရီသဘောတူညီချက် (Paris Agreement) ပါ မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို အဆက်မပြတ် ဖိအားပေး ခဲ့ပါတယ်။ အလားတူ ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်သွက်လက်ပြီး လက်ရှိကမ္ဘာ့စိန်ခေါ် မှုတွေနဲ့ကိုက်ညီအောင် Pact for the Future နဲ့ UN 80 Initiative အစီအစဉ်တွေကနေတစ်ဆင့် ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးရောဂါကာလ အတွင်းမှာလည်း နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သလို ငတ်မွတ် ခေါင်းပါးမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခံစားရသူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့် အန်တိုနီယိုဂူတာရက်စ်ရဲ့ သက်တမ်းအတွင်းမှာ အောင်မြင်မှု မရရှိခဲ့တဲ့ ကိစ္စရပ်တွေလည်း ရှိနေခဲ့ပါတယ်။ ပထမတစ်ခုက ယူကရိန်းစစ်ပွဲကို ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ငြိမ်းချမ်းရေးနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားလိုက်နာ ကြဖို့ တိုက်တွန်းခဲ့ပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း အင်အားကြီးနိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေကြောင့် ယူကရိန်းစစ်ပွဲကို ရပ်တန့်စေနိုင်မယ့် သဘောတူညီချက်တစ်ခုမှ မရရှိခဲ့ပါဘူး။
၂၀၂၂ ခုနှစ်ကနေ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲဟာ ၂၀၂၆ ခုနှစ်မှာလည်း ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ အလားတူ ဂါဇာဒေသနဲ့ အရှေ့အလယ် ပိုင်းပဋိပက္ခတွေမှာလည်း အန်တိုနီယို ဂူတာရက်စ် ဟာ အပစ်အခတ်ရပ်စဲဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ ပါလက်စတိုင်းကိစ္စမှာ နှစ်နိုင်ငံ ရပ်တည်ချက် (Two-State solution) နဲ့ အညီ ကိုင်တွယ်ဖြေရှင်းကြဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နိုင်ငံရေးအရ ကွဲပြားမှုတွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား အကျိုးစီးပွား ကွဲပြားခြားနားမှုတွေကြောင့် ပဋိပက္ခတွေ ရပ်တန့်သွားစေဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဂါဇာဒေသနဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခတွေဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေမှာ ထိထိရောက်ရောက် စွမ်းဆောင်နိုင်မှု ကင်းမဲ့နေတာကို မီးမောင်းထိုးပြနေပါတယ်။
နောက်တစ်ချက်ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးအတွက် အကောင်အထည်ဖော်နိုင်မှုမှာ အားနည်းခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လက်ရှိဖွဲ့စည်းပုံဟာ ယနေ့ကမ္ဘာ့အင်အားချိန်ခွင်လျှာနဲ့ ကိုက်ညီမှု မရှိတော့တာကို အန်တိုနီယိုဂူတာရက်စ် ကိုယ်တိုင် အကြိမ်ကြိမ် ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကို ကိုင်စွဲထားကြတဲ့ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ (P-5) ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထား ကွဲပြားခြားနားမှုတွေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲနိုင်ရေးကိစ္စဟာ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် လူ့အဖွဲ့အစည်းအပေါ် ကြီးကြီးမားမားသက်ရောက်မှုတွေဖြစ်စေတဲ့ နိုင်ငံတကာ ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အခန်းကဏ္ဍကို ပြန်လည်ခိုင်မာလာအောင် ဖော်ဆောင်သွားနိုင်ရေးဟာ နောက်တက်လာမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။
အဓိကစိန်ခေါ်မှုတစ်ခုကတော့ အရှေ့အလယ်ပိုင်းဒေသ၊ ဆူဒန်နဲ့ ယူကရိန်းတို့မှာ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ဖြေရှင်းရာမှာ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ပိုမိုတက်တက်ကြွကြွရှိတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ နိုင်ငံတကာက တောင်းဆိုမှုတွေနဲ့ ဖိအားတွေ များပြားလာနေခြင်း ဖြစ်ပါတယ်။ နိုင်ငံအချင်းချင်းအကြား ဖြစ်ပွားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို မြင့်တက်လာနေချိန်မှာ အတွင်းရေးမှူးချုပ်အသစ်အနေနဲ့ ကုလသမဂ္ဂကို သူ့ရဲ့ ပင်မတာဝန်ကြီးတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေကို ထိထိ ရောက်ရောက် ပြန်လည်ဦးစီးဆောင်ရွက်ပေးနိုင်မလားဆိုတာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အတွင်းရေးမှူးချုပ် ရွေးချယ်သည့်နည်းလမ်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက တိုက်ရိုက်မဲပေး ရွေးချယ်ကြ တာ မဟုတ်ပါဘူး။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းရဲ့ စာပိုဒ် (၉၇) အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထောက်ခံတင်ပြတဲ့ ကိုယ်စားလှယ်လောင်းကို အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံက အတည်ပြုခန့်အပ်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် နိုင်ငံအချို့ ပူးတွဲပြီး ကိုယ်စားလှယ်လောင်းတစ်ဦးကို အမည်စာရင်း တင်သွင်းနိုင်ပါတယ်။ အဲဒီလို အမည်စာရင်း တင်သွင်းလာတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ Interactive dialogues လို့ခေါ်တဲ့ အပြန်အလှန် ထိတွေ့ဆွေးနွေးမှုတွေ ပြုလုပ်ကြရပါတယ်။
ကိုယ်စားလှယ်လောင်းတွေဟာ ကုလသမဂ္ဂနဲ့ ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေ၊ မျှော်မှန်းချက် တွေကို ရှင်းလင်းတင်ပြဆွေးနွေးကြသလို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မေးမြန်းကြတဲ့ ငြိမ်းချမ်း ရေးနဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး၊ ကုလသမဂ္ဂအဖွဲ့ကြီး ပြုပြင်ပြောင်းလဲရေး၊ ခေါင်းဆောင်မှုနဲ့ သံတမန်ရေး အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးလည်း ဖြေကြားကြရပါတယ်။
နောက်ပိုင်းမှာ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ကိုယ်စားလှယ် လောင်းတွေကို စတင်စဉ်းစားရွေးချယ်ကြပါတယ်။ ဒီအဆင့်ဟာ အင်မတန်အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အထွေထွေညီလာခံကို တင်ပြနိုင်ဖို့ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ အားလုံးသဘောတူညီချက်နဲ့ ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်ရာမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဘယ်ကိုယ်စားလှယ်လောင်းဟာ အများစု ထောက်ခံမှုရရှိနိုင်သလဲဆိုတာကို သိနိုင်ဖို့ အလွတ်သဘောအကြိုဆန္ဒမဲပေးခြင်း (Straw polls) ကို အကြိမ်ကြိမ် ဆောင်ရွက်ကြပါတယ်။ ဒါဟာ ကိုယ်စားလှယ်လောင်းတွေအပေါ် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ဘယ်လောက်ထောက်ခံကြမလဲ၊ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေက ကန့်ကွက်မှုရှိနိုင်မလားဆိုတာ သိရှိနိုင်ဖို့ အလွတ်သဘောစိစစ်ခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးအား အထွေထွေ ညီလာခံကိုတင်ပြနိုင်ဖို့ ရွေးချယ်နိုင်ရေး တရားဝင်ဆုံးဖြတ်ချက်ချရာမှာ များစွာအထောက်အကူပြုတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံဟာ အလွတ်သဘော အကြိုဆန္ဒမဲပေးကြရာမှာ ထောက်ခံတဲ့မဲ (Encourage)၊ မထောက်ခံတဲ့မဲ (Discourage) နဲ့ မှတ်ချက်ပေးရန်မရှိတဲ့ မဲ (No opinion) ဆိုပြီး သုံးမျိုးပေးကြပါတယ်။ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ထောက်ခံတဲ့မဲ (Enco-urage) အနည်းဆုံး ကိုးမဲရရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံလုံးရဲ့ ထောက်ခံမှုရရှိဖို့ လိုအပ်ပြီး တစ်နိုင်ငံက ကန့်ကွက်ခဲ့ရင်လည်း ရှေ့ဆက် ဆောင်ရွက်ဖို့မဖြစ်နိုင်ပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အဆိုပြုတင်ပြတဲ့ ကိုယ်စားလှယ် လောင်းအမည်အား ကုလသမဂ္ဂအထွေထွေညီလာခံကို တင်ပြတဲ့အခါ အထွေထွေညီလာခံက အတွင်း ရေးမှူးချုပ်ကို အတည်ပြုခန့်အပ်ပါတယ်။ အထွေထွေညီလာခံက အတည်ပြုခန့်အပ်လိုက်တာနဲ့ အတွင်းရေးမှူးချုပ်သစ်ဟာ ငါးနှစ်သက်တမ်းကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ စတင် ထမ်းဆောင်နိုင်ပြီ ဖြစ်ပါတယ်။
အလားအလာကောင်းသည့် ကိုယ်စားလှယ်နှစ်ဦး
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းထားကြတဲ့ ကိုယ်စားလှယ် လောင်းရှစ်ဦးအနက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ က ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ အလွတ်သဘောအကြိုဆန္ဒမဲပေးခြင်း (Straw polls) ရလဒ်တွေအရ အလားအလာကောင်းတဲ့ ကိုယ်စားလှယ်နှစ်ဦးကတော့ ကော့စတာရီကာနိုင်ငံ ဒုတိယသမ္မတဟောင်းနဲ့ ကုလသမဂ္ဂကုန်သွယ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (UNCTAD) ရဲ့ အတွင်းရေးမှူးချုပ် Rebecca Grynspan Mayufis နဲ့ ဂိုင်ယာနာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ ကုလသမဂ္ဂဆိုင်ရာ ဂိုင်ယာနာအမြဲတမ်းကိုယ်စား လှယ် Carolyn Rodrigues Birkett တို့ ဖြစ်ကြပါတယ်။
ကုလသမဂ္ဂမှာ တရားဝင်အတည်ပြုထားတဲ့ စည်းမျဉ်းမဟုတ်ပေမယ့်လည်း အလှည့်ကျ သဘော အရ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသက ကိုယ်စားလှယ်လောင်းကို အတည်ပြုရွေးချယ်ဖို့ ဆန္ဒသဘောထားတွေများပြားနေသလို ပထမဆုံး အမျိုးသမီးအတွင်းရေးမှူးချုပ်တစ်ဦး ခန့်အပ်သွား ဖို့လည်း တွန်းအားပေးမှုတွေ အရှိန်မြင့်မားလာနေပါတယ်။
Rebecca Grynspan Mayufis ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကော့စတာရီကာနိုင်ငံ ဆန်ဟိုဆေးမြို့မှာ မွေးဖွားခဲ့ပါတယ်။ စီးပွားရေး ပညာရှင်တစ်ဦးဖြစ်တဲ့ Rebecca Grynspan ဟာ ကော့စတာရီကာနိုင်ငံရဲ့ ဒုတိယသမ္မတအဖြစ် ၁၉၉၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (UNCTAD)ရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
ပြည်တွင်းနိုင်ငံရေးမှာရော၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေမှာပါ အတွေ့အကြုံတွေ များစွာရှိတဲ့ Rebecca Grynspan ဟာ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ အရှိန်မြင့်မားနေစဉ်အတွင်း ယူကရိန်းနိုင်ငံရဲ့ ကောက်ပဲသီးနှံတွေနဲ့ ရုရှားနိုင်ငံရဲ့ ဓာတ်မြေဩဇာတွေကို ပင်လယ်နက်ကနေတစ်ဆင့် ပြည်ပကို တင်ပို့ရောင်းချနိုင်ဖို့ သံတမန်ရေးရာ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပူးတွဲဦးဆောင်ပါဝင် ခဲ့သူတစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့သံတမန်ရေးရာ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
၎င်းဟာ ကုလသမဂ္ဂအဖွဲ့ကြီး လက်တွေ့မှာ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုလားသူတစ်ဦးဖြစ်သလို ကုလသမဂ္ဂဟာ အန္တရာယ်ကို ရှောင်လွှဲနိုင်ဖို့ မကြိုးစားဘဲ အန္တရာယ်ကို တွက်ချက်ဆောင်ရွက်ပြီး နိုင်ငံတကာမှာ ဦးဆောင်အဖွဲ့အစည်းတစ်ရပ် ပြန်လည်ဖြစ်လာစေဖို့ ဆန္ဒရှိသူတစ်ဦးဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်ရာထူးအတွက် အလားအလာ ကောင်းသူတစ်ဦးဖြစ်ပေမယ့် သူ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအချို့ရဲ့ ဗီတိုအာဏာနဲ့ ကန့်ကွက်ခံရမယ့် အလားအလာ ရှိနေပါတယ်။
Carolyn Rodrigues Birkett ကို ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဂိုင်ယာနာနိုင်ငံ ဆန်တာရိုဆာမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဂိုင်ယာနာနိုင်ငံမှာ လွှတ်တော်အမတ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သလို ဂိုင်ယာနာနိုင်ငံရဲ့ လူမျိုးစုရေးရာ ဝန်ကြီးအဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်ကနေ လက်ရှိအချိန်အထိ ကုလသမဂ္ဂဆိုင်ရာ ဂိုင်ယာနာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စား လှယ်အဖြစ် ထမ်းဆောင်နေသူဖြစ်ပါတယ်။ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ကြီး (FAO) မှာလည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံရှိသူတစ်ဦး ဖြစ်ပါတယ်။ ဂိုင်ယာနာနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းမဟုတ်တဲ့အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ထမ်းဆောင်ခဲ့တဲ့ကာလအတွင်းမှာ Carolyn Rodrigues Birkett ဟာ ဂိုင်ယာနာကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။
သူဟာ ကုလသမဂ္ဂအဖွဲ့ကြီးကို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့အညီ လျင်မြန်သွက်လက်စွာ တုံ့ပြန်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုလားသူတစ်ဦးဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေရှိနေတဲ့ နိုင်ငံတကာပဋိပက္ခတွေမှာ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ကြားဝင်ညှိနှိုင်းပေးတဲ့ အဖွဲ့အစည်းအဖြစ် ပါဝင် ဆောင်ရွက်ဖို့ ဆန္ဒရှိသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အတွင်းရေးမှူးချုပ်ရာထူးအတွက် ကာရစ်ဘီယံ အဖွဲ့ကြီး (Caribbean Community) က ထောက်ခံထားတာကြောင့် ၎င်းဟာ အလားအလာကောင်းသူတစ်ဦး ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဦးဆောင်ပါဝင်နိုင်ခြင်းမရှိတဲ့ ကုလသမဂ္ဂ
၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့တဲ့အချိန်ကစပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက် ရေးဟာ အဖွဲ့ကြီးရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပြောင်းလဲလာခဲ့ တဲ့ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေရယ်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးအပေါ် ယုံကြည်မှု ကျဆင်းလာတာတွေရယ်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် သက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။
အထူးသဖြင့် ပဋိပက္ခတွေဖြေရှင်းနိုင်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂ အဖွဲ့ကြီးဟာ ဦးဆောင်ပါဝင်နိုင်တဲ့ အနေအထားမှာ မရှိတာကို တွေ့မြင်နိုင်ပါတယ်။ လက်ရှိ ဖြစ်ပွား နေတဲ့ အမေရိကန်နဲ့ အီရန်အကြားစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ဆွေးနွေးမှုတွေမှာလည်း ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍပါဝင်နေခြင်း မရှိပါဘူး။ ဂါဇာဒေသ စစ်ပွဲအဆုံးသတ်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာလည်း ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ထက် အမေရိကန်ဦးဆောင်တဲ့ Board of Peace လို အခြားသံတမန်ရေးရာယန္တရားတွေက ပိုမို နေရာဝင်ယူနေတာကို တွေ့နိုင်ပါတယ်။
“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ်အနေနဲ့ ကုလသမဂ္ဂကို ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်း ထဲ ပြန်လည်ရောက်ရှိအောင် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးကိစ္စဟာ အရေးကြီးလှပါတယ်။ ဒီလိုမှမဟုတ်ရင် ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် ယုံကြည်စိတ်ချမှုနဲ့ အရေးပါမှုဟာ ပိုမိုကျဆင်း သွားဖို့ ဖြစ်လာနိုင်ပါတယ်” လို့ ဝါရင့်သံတမန် ဝန်ထမ်းတွေက ထောက်ပြကြပါတယ်။ ဒါပေမယ့် “ကုလသမဂ္ဂကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းထဲ ပြန်လည်ရောက်ရှိစေဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်တော့တဲ့ မျှော်မှန်းချက် တစ်ခုပါ”လို့ အကောင်းမမြင်ကြတဲ့ သံတမန် ဝန်ထမ်းတွေလည်း ရှိနေပါတယ်။ “အင်အားကြီး နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေ ပါဝင်ပတ်သက်နေတဲ့အခါ ကုလသမဂ္ဂဟာ ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့တာ မရှိသလောက်ပါပဲ” လို့ အကောင်းမမြင်သူတွေက ထောက်ပြကြပါတယ်။
အထူးသဖြင့် လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီးတွေကို စိန်ခေါ်ရာမှာ ထိထိရောက်ရောက်နဲ့ လုံလုံလောက်လောက် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ပြစ်တင်ဝေဖန်ခံခဲ့ရပါတယ်။ အချို့သူတွေရဲ့အမြင်အရ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲ ဖြစ်ပွားခဲ့ခြင်းဟာ ဂူတာရက်စ်ရဲ့ သြဇာလွှမ်းမိုးနိုင်မှုမှာ အကန့်အသတ်တွေ ရှိနေတာကို ဖော်ထုတ် ပြသခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းအနေနဲ့ သူ့ရဲ့ ကောက်ပဲသီးနှံတွေ ပြည်ပကို ဆက်လက်တင်ပို့ နိုင်ဖို့ အထောက်အကူဖြစ်စေခဲ့တဲ့ Black Sea Grain Initiative ရရှိဖို့ ကြားဝင်ညှိနှိုင်းပေးနိုင်ခဲ့ခြင်း ကတော့ ဂူတာရက်စ်ရဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။
ထိန်းထိန်းသိမ်းသိမ်း ချဉ်းကပ်ဆောင်ရွက်မှု
ဂူတာရက်စ်ရဲ့ ထိန်းထိန်းသိမ်းသိမ်း ချဉ်းကပ်ဆောင်ရွက်မှု သံတမန်နည်းလမ်းဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများအပြားကို စိတ်ပျက်စေခဲ့ပါတယ်။ ဒါကြောင့် အနာဂတ်ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်အနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာပေါ်မှာ အခက်ခဲဆုံး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေရဲ့ ဗဟိုချက်နေရာကို ပြန်လည်ရောက်ရှိအောင် ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတဲ့ ဆွေးနွေးငြင်းခုံ မှုတွေကိုလည်း ပိုမိုဖြစ်ပေါ်လာစေခဲ့ပါတယ်။
ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးဟာ ဖွဲ့စည်းပုံဆိုင်ရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီပြဿနာတွေထဲက အဓိကတစ်ခုက လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ/အရေးယူဆောင်ရွက်မှုတွေကို အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံအနက် ဘယ် နိုင်ငံကမဆို ဗီတိုအာဏာနဲ့ ပိတ်ပင်နိုင်တဲ့အတွက် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ချမှတ်မှု ရပ်တန့်နေတဲ့ကိစ္စ ဖြစ်ပါတယ်။
နိုင်ငံတကာကို သက်ရောက်မှုရှိတဲ့ ကြီးမားတဲ့ ပဋိပက္ခတွေဖြေရှင်းရေးကိစ္စမှာ ကုလသမဂ္ဂအဖွဲ့ ကြီး ပါဝင်နိုင်မှုမရှိခြင်းဟာ လက်ရှိမှာအတွင်း ရေးမှူးချုပ် ရွေးချယ်ရေးပြိုင်ပွဲရဲ့ အဓိကအကြောင်း အရာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံက ကိုယ်စားလှယ်လောင်းဖြစ်ပြီး ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Rafael Grossi က မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ကုလသမဂ္ဂအနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ခြင်းမရှိ ကြောင်း ဝေဖန်ပြောကြားခဲ့ပြီး သူ့အနေနဲ့ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရရင် နိုင်ငံတကာ ပဋိပက္ခတွေမှာ ကုလသမဂ္ဂရဲ့ လက်တွေ့ပါဝင် ဆောင်ရွက်မှုကို တိုးချဲ့သွားမယ်လို့ ကတိပြုထား ပါတယ်။
ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း
ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလတွေအတွင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလွတ်သဘောမဲပေးမှုတွေမှာ ရှေ့ကပြေးနေတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ ကော့စတာ ရီကာနိုင်ငံ ဒုတိယသမ္မတဟောင်းနဲ့ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (UNCTAD) ရဲ့ အတွင်းရေးမှူးချုပ် Rebecca Grynspan Mayufis ရဲ့ အမြင်အရတော့ ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာ ကုလသမဂ္ဂအနေနဲ့ စောစီးစွာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်သလို ကုလသမဂ္ဂရဲ့ လက်ရှိအန္တရာယ်ကို ရှောင်ရှားလွန်း တဲ့ ချဉ်းကပ်ပုံကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ် လို့ ပြောဆိုခဲ့ပါတယ်။ Grynspan က “စစ်ပွဲတွေ ဖြစ်လာဖို့ ပြီးပြည့်စုံတဲ့အခြေအနေတွေ ရှိလာတဲ့ အထိ စောင့်မနေကြပါဘူး။ အလားတူပဲ သံတမန်ရေးရာမှာလည်း အဲဒီလို စောင့်နေဖို့မသင့်ပါဘူး” လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အင်အားကြီးနိုင်ငံတွေပါဝင်နေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေမှာ ကုလသမဂ္ဂအနေနဲ့ ပါဝင် လုပ်ဆောင်နိုင်မှု အနည်းငယ်သာရှိပေမယ့် ဘယ်သူပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ် ဖြစ်လာ သည်ဖြစ်စေ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုတော့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အတွင်း ရေးမှူးချုပ်အသစ်အနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို သံတမန်ရေး၊ ပဋိပက္ခကြိုတင်ကာကွယ်ရေးနဲ့ ငြိမ်းချမ်းစွာဖြေရှင်းရေးကိစ္စရပ်တွေမှာ အရေးပါပြီး အသုံးဝင်တဲ့ ဆွေးနွေးညှိနှိုင်းရေး ဖိုရမ်တစ်ခုအဖြစ် နိုင်ငံတကာရဲ့ယုံကြည်မှု ပြန်လည်ရရှိလာစေဖို့ တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုရင် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရပ်တည်မှုနဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ပြယုဂ်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ။
ရည်ညွှန်း-
Will the next Secretary-General return UN to the ‘business of peace’ ? by Stephaine Fillion (Chatham House) 14 September 2026 ၏ ဆောင်းပါးကို အခြေခံ ၍ ဆီလျော်အောင် ဖြည့်စွက်ဘာသာပြန်ဆို ထားပါသည်။


