ကသဲကျေးရွာ၌ ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ဖယ်ခုံ ၂၃ အောက်တိုဘာ

ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက် နံနက် နာရီခွဲက ကသဲကျေးရွာ လူငယ်ရိပ်သာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမီရယ်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးကြမည့် ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်() ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦး၊ မြို့နယ်ပညာရေးမှူး ဦးလှမြင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးမိုးဝင်းအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝင်းနိုင်တို့က မိတ်ဆက်စကား ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကျင်းပရာ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပပျောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ မီးတိုင်အသစ်လဲလှယ်ရေးလုပ်ငန်းများ စသည်ဖြင့် အခမ်းအနားတက်ရောက်လာသူများက မေးမြန်းဆွေးနွေးကြပြီး ဦးဆောင်ဆွေးသူများက ကဏ္ဍအလိုက် အသေးစိတ် ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်း (Public Talk)ကို စီစဉ်ဆောင်ရွက်ရာတွင် ဒီမိုကရေစီ၏အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးမီရယ်ထံမှ သိရှိရသည်။

ပြည်သူ့စကားဝိုင်း (Public Talk)သို့ ဖယ်ခုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကုန်းဆုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ကိုထွေး(ဖယ်ခုံ)