ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ   အောက်တိုဘာ   ၂၀

ကရင်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပ၍  အရည်အချင်းရှိသည့် မျိုးဆက်သစ်လူငယ်အားကစားသမားများကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အနီးရှိ  ပြည်နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို  ပြည်နယ်အတွင်းရှိ   မြို့နယ် ခုနစ်မြို့နယ်မှ ဖူဆယ်အသင်း ခုနစ်သင်း အားကစား သမား ၇၀ က အောက်တိုဘာ ၁၆ ရက်မှ ၂၀ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အနေဖြင့် ဘားအံမြို့နယ်အသင်းနှင့်   သံတောင်ကြီးမြို့နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖူဆယ်အားကစား ဝါသနာရှင်များက  ကြည့်ရှုအားပေးကာ  အဆိုပါဗိုလ်လုပွဲစဉ်တွင်   ဘားအံမြို့နယ်အသင်းက သံတောင်ကြီးမြို့နယ်အသင်းကို  သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများက နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများနှင့်   ပွဲစဉ်တစ်လျှောက်  အကောင်းဆုံးအားကစားသမားဆုတို့ကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းက တတိယဆုရရှိသည့် ဖာပွန်မြို့နယ်အသင်းအား  တစ်ဦချင်းလည်ဆွဲဆုနှင့် ငွေသားဆုတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်  ဦးညွန့်လင်းက ဒုတိယဆုရရှိသည့် သံတောင်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုတို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု ၁၀ သိန်းနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)