ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ဖိတ်ခေါ် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ   ဇူလိုင်   ၂၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ဖိတ်ခေါ်အမျိုးသား ဖူဆယ် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင်  YBZ  အသင်းနှင့် Garden Street အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြပြီး ပြိုင်ပွဲအပြီး တွင် Garden Street အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

အဆိုပါ  ဗိုလ်လုပွဲကို  ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီက ဘားအံ မြို့ အမှတ်(၅)ရပ်ကွက်ရှိ ပြည်နယ် ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့ပြီး အားကစားဝါသနာရှင် ဒေသခံများနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊   ပြည်နယ်တရားလွှတ်တော်   တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်   ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများလည်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဖြစ်မြောက်ရေး ဝိုင်ဝန်းကူညီပေးကြသည့် ဒိုင်အဖွဲ့နှင့် လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် အကောင်းဆုံး အားကစားသမား ဆုရရှိကြသူများ၊ ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် အသင်းများကို တစ်ဦးချင်း ဂုဏ်ပြုလည်ဆွဲများ၊ ငွေသားဆုများနှင့် ဆုဖလားတို့ကို ပေးအပ်ခဲ့ကြောင်း  သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)