ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မှန်ကန်သောစိတ်ဓာတ်ခွန်အား

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

 

“၂၃-၃-၂၀၂၀ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်ဦး တွေ့ရှိခဲ့ပါတယ်။ ချင်းပြည်နယ်မှာ အမေရိကန် ပြည်ထောင်စုကပြန်လာတဲ့ အမျိုးသားတစ်ဦးနဲ့ ရန်ကုန်မှာ ယူကေက ပြန်လာတဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ နှစ်ဦးစလုံးဆေးကုသမှုခံယူပြီး စိုးရိမ်ရမယ့်အခြေအနေ မရှိဘူးလို့သိရပါတယ်” စသည်ဖြင့် ၂၄-၃-၂၀၂၀ ရက်နေ့က နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြ မိန့်ခွန်းပြောကြားခဲ့ပါတယ်။


ခေါင်းအေးအေးထားပြီး ထုတ်ပြန်မှုများ လိုက်နာကြပါ

အထူးသဖြင့် အများစိုးရိမ်နေတဲ့ ရောဂါဖြစ်ပွားနေမှုအပေါ် စိုးရိမ်ထိတ်လန့်မှုများ တိုးပွားလာမှာဖြစ်တာမို့ “ကြောက်လန့်စိုးရိမ်မှုများ မရှိကြပါနဲ့ ခေါင်းအေးအေးထားပြီး သတိကြီးစွာနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြား အစိုးရဌာနများရဲ့ ထုတ်ပြန်မှုများကို လိုက်နာကြဖို့” တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အဆိုပါ ရောဂါဟာ ထိန်းချုပ်လို့ရကြောင်း၊ ဖြစ်ပွားသူတို့ရဲ့ ၄ ဒသမ ၄ ရာခိုင်နှုန်းသာ အသက်ဆုံးရှုံးကြောင်း၊ ရောဂါအခံရှိသူများ၊ ခုခံအားနည်းသူများ၊ ကုသမှုခံယူမှု နောက်ကျသူများသာ အသက်ဆုံးရှုံးလေ့ရှိကြောင်း ‘‘စောစောပြော၊ စောစောသိ၊ အားလုံးအကျိုးရှိ” ဆိုတဲ့ အတိုင်း လူတိုင်းစောစောအချိန်မီ လုပ်သင့်သည်များ လုပ်ဖို့လိုကြောင်း၊ အရေးကြီးသည်မှာ ရောဂါရှိကြောင်း သိရသည်နှင့် ထိုသူနှင့်ထိတွေ့မှုရှိခဲ့သူအားလုံးကျန်းမာရေးဌာနကို အသိပေးညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ဖို့လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိအတွက်လုံခြုံရေး၊ မိမိပတ်ဝန်းကျင်၏ လုံခြုံရေး နှစ်ရပ်စလုံးအတွက်ဖြစ်ကြောင်း စသည်တို့အပြင် မှတ်သား ဖွယ် လူ့စိတ်အခြေအနေတို့ကိုလည်း ထည့်သွင်းပြော ကြားခဲ့ပါတယ်။


အစွန်းနှစ်ပါးရှောင်ကြဉ်ကြဖို့ လိုအပ်

ဒီရောဂါကို ကာကွယ်တားဆီးဖို့ နိုင်ငံသားတိုင်းက အသိတရားရှိရှိ၊ သတိတရားရှိရှိ၊ စည်းကမ်းရှိရှိ၊ ညီညီ ညွတ်ညွတ်နဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။ ကိုဗစ် - ၁၉ ကူးစက်ရောဂါ အမိနိုင်ငံကို ရောက်ရှိနေပြီလို့ ကြားသိရတာနဲ့ သူသူငါငါတို့ စိုးရိမ်ကြောက်လန့်နေမိကြတာ သဘာဝကျပါတယ်။ ဒါဟာ သဘာဝကျတဲ့ တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။ စိတ်စွမ်းရည် တုံ့ပြန်မှုExpressed Emotion E.E ဆိုတာ လူသားတိုင်းရှိနေရမယ့် စိတ်အခြေအနေ ဖြစ်ပါတယ်။ အခြေအနေထူး တစ်ခုတွေ့ကြုံရင်ဆိုင်ရတဲ့အခါ စေ့ဆော်မှု (stimulation) ဖြစ်ပေါ်လာပြီး ဒါကိုပြန်လည် တုံ့ပြန်ရပါတယ်။ သို့သော် အချို့က High Stimulation ပြင်းထန်တဲ့ စေ့ဆော်မှုလို့ သဘောထားပြီး ပြင်းထန်တဲ့တုံ့ပြန်မှု High Response အဖြစ်တုံ့ပြန်တတ်ပါတယ်။ ဒါကို High Expressed Emotion လို့ ခေါ်ပါတယ်။ ဒီလိုတုံ့ပြန်ရင် ထိရောက်တဲ့ ဖြေရှင်းနိုင်မှုဆီမရောက်ဘဲ လွန်ကဲတဲ့အခြေအနေဆိုးများကို ထပ်မံရင်ဆိုင်ရတတ်ပါတယ်။ တစ်ခါ သတိမပြုအသိမရှိဘဲ အေးတိအေးစက် တုံ့ပြန်တတ်မှုလည်း ရှိတတ်ပါတယ်။ အသိဉာဏ်ပညာ၊ ကိုယ်ရည်ကိုယ်သွေး၊ လူမှုအဆင့်အတန်းစသည်တို့မှာ အားနည်းနေသူများမှာ တွေ့ရလေ့ရှိပါတယ်။ ဒါကို Low Expressed Emotion လို့ ခေါ်ကြောင်း သိရပါတယ်။ ဒီအခြေအနေဆိုရင်လည်း မဖုံးနိုင်မဖိနိုင်အောင်ဖြစ်ရပြီး အလွန်အမင်းအန္တရာယ် များတဲ့ အခြေအနေဆိုးကို တွေ့ကြုံရနိုင်ပါတယ်။ ဒါကြောင့် Optimal Stimulation and Optimal response သင့်တင့်မျှတတဲ့ စေ့ဆော်မှုနဲ့တုံ့ပြန်မှုရှိကြဖို့လိုပါတယ်။ ဆင်ခြင်တုံတရား၊ အသိဉာဏ်ပညာတို့နဲ့ မိမိတို့လုပ်သင့်ရာကို လုပ်ကြဖို့၊ ရှောင်သင့်တာကို ရှောင် ကြဖို့၊ သိပ်အစိုးရိမ်မလွန်ကြဖို့ မလိုသလို သိပ်အေးစက်နေခြင်းဆိုတဲ့ အစွန်းနှစ်ပါးကို ရှောင်ကြဖို့ လိုအပ်ပါတယ်။


ကျွန်တော်တို့ရဲ့ စိုးရိမ်မှုကို တည့်မတ်တဲ့ အသိတရားအဖြစ် ပြောင်းလဲကျင့်သုံးနိုင်ပါတယ်။ ရောဂါကူးစက်မှာ စိုးရိမ်တဲ့အတွက် ‘‘နေအိမ်များမှာသာ နေထိုင်ခြင်း” ဆိုတဲ့အချက်ကို လိုက်နာဆောင်ရွက်လိုက်ပါ။ ဒီလိုဆိုရင် အပြင် က ရောဂါပိုးတွေ မိမိနဲ့မိသားစုပတ်ဝန်းကျင်ဆီ ကူးစက်နိုင်ခွင့် နည်းပါးသွားနိုင်ပါတယ်။


အခုလို ရောဂါပိုးကူးစက်ပျံ့နှံ့နေချိန်မှာ တိကျပြတ်သားတဲ့ပိတ်ဆို့နည်းကို နိုင်ငံသားအားလုံးတို့က တိကျစွာ အသိတရားရှိရှိ၊ တာဝန်သိသိနဲ့ လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ပြည်ပနိုင်ငံများက ပြန်လည်ဝင်ရောက် လာသူများကို အထူးကြပ်မတ်စစ်ဆေးခြင်း၊ လေ့လာစောင့်ကြည့်ခြင်းများ ဆောင်ရွက်မှုများကို တာဝန်သိသိ လိုက်နာကြဖို့ လိုအပ်သလို၊ လူတိုင်းကိုယ်စီကလည်း မိမိတို့မှာ ဆက်စပ်နိုင်တဲ့ အခြေအနေများ သံသယဖြစ်တာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများထံ လိုအပ်သည်များ ဆက်သွယ်ဆောင်ရွက်သင့်ကြ ပါတယ်။ ရောဂါရဲ့ဝင်ပေါက်များကို ထိထိရောက်ရောက် မတားဆီးနိုင်ပါက ကြီးမားတဲ့ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ကြရနိုင်ပါတယ်။ ဒီအချိန်မှာ ဌာနဆိုင်ရာ အသီးသီးများ၊ လူမှုရေးအဖွဲ့အစည်းများသာမက နိုင်ငံသားတိုင်းက ကိုယ့်နိုင်ငံအတွက် အရေးပေါ် တာဝန်ရှိတဲ့ ကာလတစ်ခုအဖြစ် သဘောထားပြီး ၂၄ နာရီလုံး အရေးကြုံရင်ကြုံသလို ပါဝင်ဆောင်ရွက်ကြရပါမယ်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားသွားတဲ့အထဲမှာ ကျွန်တော်တို့ နိုင်ငံသားများအားလုံး မှန်ကန်တည့်မတ်တဲ့ စိတ်အခြေအနေများ မွေးမြူပြီး အခက်အခဲ မှန်သမျှကိုရင်ဆိုင်ကြဖို့၊ ကိုယ်ချင်းစာစိတ်ရှိရှိနဲ့ လက်တွဲ ဆောင်ရွက်ကြဖို့ အထူးအလေးထားတယ်လို့ နားလည်မိပါတယ်။ ကျွန်တော်တို့တစ်တွေ အများအတွက် အနစ်နာ ခံတတ်တဲ့စိတ်တွေ မွေးမြူတတ်ဖို့၊ မိမိရဲ့အတ္တကို ရှေ့တန်းတင်တတ်တဲ့စိတ်မျိုးတွေ ဖယ်ရှားတတ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ဒီစိတ်ဓာတ်မျိုးဟာ အခုကြုံတွေ့နေရတဲ့ ကူးစက်ကပ်ရောဂါဘေးကြီးကိုသာမက အရာရာသော အခက်အခဲများကိုပါ ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။ ဖတ်ရှုမှတ်သားမိခဲ့တဲ့ အောက်ပါအကြောင်းအရာ ကလေးများကို တင်ပြလိုပါတယ်-


လောကကြီးအတွက် တန်ဖိုးရှိသောလူသား

ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ တပ်သားသစ်များ လေ့ကျင့်ရေးစခန်းတစ်ခုမှာ ဖြစ်ပါတယ်။ သင်တန်းဆရာဖြစ်တဲ့ တပ်ခွဲတပ်ကြပ်ကြီးက သင်တန်းခဏနားနေချိန်မှာ ရဲဘော်လေးတွေအုပ်စုထဲကို လက်ပစ်ဗုံးတစ်လုံး ပစ်သွင်း လိုက်ပါတယ်။ လက်ပစ်ဗုံးရဲ့ စနက်တံကိုဖြုတ်ပြီး ပစ်သွင်းလိုက်တာ ဖြစ်ပါတယ်။ လက်ပစ်ဗုံးကိုလည်းတွေ့ရော ရဲဘော်လေးတွေဟာ ကြောက်လန့်တကြား တိုးဝှေ့ပြေးလွှား ထွက်ပြေးကြပါတော့တယ်။ လက်ပစ်ဗုံးဆိုတာ တော်တော် ကြောက်စရာကောင်းတာကိုး။ ပေါက်ကွဲလိုက်ရင် ရဲဘော်လေးတွေအတွက် မတွေးဝံ့စရာပါ။ ဒါပေမယ့် လက်ပစ်ဗုံးက ယမ်းမပါတဲ့ ဗုံးအတုပါ။ ဆရာကြီးက သူ့ရဲဘော်လေးတွေရဲ့စိတ်ကို စမ်းလိုက်တာပါ။ သူတို့ ဘယ်လိုတုံ့ပြန်မလဲလို့ ပေါ့။ မကွဲတဲ့ ဗုံးမှန်းသိတော့မှ သူတို့လေးတွေ ရယ်နိုင်ကြတယ်။ ငိုအားထက် ရယ်အားသန်ကြတာပေါ့။ ဒါနဲ့ပဲ နောက်တစ်နေ့ ရောက်တော့ သူတို့တပ်စုထဲကို ရဲဘော်အသစ်ကလေးတစ်ယောက် ရောက်လာတယ်။ ဒီရဲဘော်လေးကတော့ ဒီအကြောင်းကို လုံး၀မသိပါဘူး။ သူ့ကိုလည်း အသိမပေးဖို့ ကျန်ရဲဘော်တွေကို ဆရာကြီးက သတိပေးထားတယ်။ ဒီရဲဘော်သစ်လေးရဲ့ စိတ်ကို စမ်းကြည့်ချင်လို့တဲ့။ ဒါနဲ့ တစ်နေ့ကျတော့ တပ်စုနားချိန်မှာ ဆရာကြီးက လက်ပစ်ဗုံး အတုကို လူအုပ်ထဲပစ်သွင်းလိုက်ပြန်ပါတယ်။ ရဲဘော်သစ်လေးက ဗုံးကိုလည်းတွေ့ရော သူများတကာတွေလို ရှောင်မပြေးဘူး။ တခြားရဲဘော်တွေကို ထိမှာစိုးလို့ ဒိုင်ဗင်ထိုးလိုက်ပြီး ဗုံးပေါ်ကို သူ့ရဲ့ရင်ဘတ်နဲ့အုပ်ချလိုက် တယ်။ သူ့ဘေးနားက ရဲဘော်တွေကိုလည်း ဘေးလွတ်ရာကို တွန်းဖယ်လိုက်ပါသေးတယ်။ သူဟာ ဗုံးကို သူ့ရင်ဘတ်နဲ့ မိမိရရ ဖိထားလိုက်ပါတယ်။ မျက်စိကိုလည်း မှိတ်လို့ပေါ့။ သူဟာ ဒီဗုံးကို ဗုံးအတုမှန်းလုံးဝမသိတာ သေချာပါတယ်။ ဗုံးအစစ်လို့ပဲ သိထားပါတယ်။ ဗုံးကျလာတာတွေ့လို့ တခြား သူတွေမထိမိစေဖို့ မိမိရဲ့အသက်ကို ပဓာနမထားဘဲ အသက်စွန့်လိုက်တာဖြစ်ပါတယ်။ ရဲဘော်လေးရဲ့ မြင့်မြတ် လှတဲ့စိတ်ထား၊ စိတ်ဓာတ်ကို အားလုံးက တအံ့တဩတွေ့ လိုက်ကြရပါတယ်။ သူ့ကို ဝိုင်းချီးကျူးကြပါတယ်။ ချစ်ခင်လေးစားစရာကောင်းတဲ့ ရဲဘော်လေးအဖြစ် တပ်ရင်းတစ်ခု လုံးက အသိအမှတ်ပြုကြပါတယ်။ ဒီလုပ်ရပ်ကြောင့် စစ်မြေပြင်မှာသာ ပေးအပ်ချီးမြှင့်လေ့ရှိတဲ့ သူရဲကောင်းတံဆိပ်ကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ ကမ္ဘာကျော် Chicken Soup စာထဲက one of the tenam ဆိုတဲ့ အင်မတန်နှစ်သက် ဖွယ်ကောင်းတဲ့ ဖြစ်ကြောင်းကလေးပါ။ ဒီလိုစိတ်ထား မြင့်မြတ်တဲ့ လူသားတွေငယ်သည်ဖြစ်စေ၊ ကြီးသည် ဖြစ်စေ ဒီလိုလူတွေဟာ သိပ်ကိုတန်ဖိုးကြီးတဲ့လူတွေပါ။ လောကကြီးအတွက် တန်ဖိုးရှိလူသားတွေ ဖြစ်ပါတယ်။


ငယ်စဉ်ကျောင်းသားဘဝက ဖတ်ဖူးတာလေးတစ်ခုလည်း မှတ်မိနေပါသေးတယ်။ တစ်ထောင့်တစ်ည ပုံပြင်ထဲက ‘‘အာမက်နှင့်ပန်းသီးကြီး” လို့ ခေါင်းစဉ် တပ်ထားတယ်ထင်ပါတယ်။ သဲကန္တာရထဲက မြို့လေး တစ်မြို့မှာ အာမက်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ သူက လေးမြားပစ်တာ တော်တော်ကျွမ်းကျင် တယ်။ တစ်နေ့တော့ သူ့ရဲ့ဖခင်ကြီး မကျန်းမမာဖြစ်ပါတယ်။ သမားတော်တွေနဲ့ ဘယ်လိုပဲကုသပေမယ့် လူမမာက မသက်သာလာပါဘူး။ ဒါနဲ့ သမားတော်တစ်ယောက်က သဲကန္တာရထဲက ဂူကြီးတစ်ခုထဲမှာ သူတော်စင်ကြီးတစ်ပါး သီတင်းသုံးနေတယ်။ အဲဒီ သူတော်စင်ကြီးဆီမှာ သိဒ္ဓိဝင် ပန်းသီးကြီးတစ်လုံးရှိတယ်။ အဲဒီပန်းသီးကြီးကို မင်းရဲ့ ဖခင်ကို ကျွေးလိုက်ရင်တော့ သူ့ရဲ့ရောဂါပျောက်မှာ အသေအချာပဲတဲ့။ မင်းရအောင် စွမ်းဆောင်တော့လို့ ဆိုပါတယ်။ ဒါနဲ့ပဲ အာမက်ကလေးဟာ ပန်းသီးကို ရအောင်ဆောင်ရွက်ဖို့ ကော်ဇောပျံကြီးစီးပြီး သဲကန္တာရထဲကို ခရီးထွက်ခဲ့ပါတယ်။ သူတော်စင်ကြီးဆီ ရောက်ရော ပဲဆိုကြပါစို့။ သူတော်စင်ကြီးကို အရိုအသေပေး အကျိုးအကြောင်း ပြောပြပါတယ်။ ပန်းသီးကြီးကို သူ့ကိုရောင်းဖို့၊ မရောင်းရင်လည်း ဖခင်ကြီးရဲ့ အသက်ရှင်ရေးအတွက် ဘာမဆိုလုပ်ပေးနိုင်ပါကြောင်း စသည်ဖြင့် လျှောက်ထားပါတယ်။ ဒီပန်းသီးကြီးဟာ တန်ဖိုးမဖြတ်နိုင်ပါဘူးတဲ့။ မရောင်းနိုင်ပါဘူး။ သို့သော် သူငယ်ကလေး ဖခင်ရဲ့ အသက်ရှင်ရေးအတွက်မို့ သူစဉ်းစားပါမယ်လို့ သူတော်စင်ကြီးက ဆိုပါတယ်။ ‘‘မင်းဘာလုပ်တတ်သလဲ” လို့မေးပါတယ်။ အာမက်ကလေးက လေးမြားပစ်တတ်ပါတယ်။ ကျွမ်းကျင်ပါတယ်တဲ့။” ဒါဆို မင်းရဲ့ကျွမ်းကျင် မှု စမ်းကြည့်မယ်။ ကျေနပ်ရင်ပေးလိုက်မယ်။ မကျေနပ်ရင်တော့ မပေးနိုင်ဘူးလို့ သူတော်စင်ကြီးက ဆိုပါတယ်။ ဒါနဲ့ပဲ စမ်းသပ် ပါတော့တယ်။


အရှုံးပေးတိုင်း ရှုံးရခြင်းမဟုတ်

သူတော်စင်ကြီးက ကိုရင်လေးတစ်ပါးရဲ့ ဦးခေါင်းပေါ်မှာ ပန်းသီးကြီးကို တင်ထားတယ်။ အဲဒီပန်းသီးကြီးကို မှန်အောင် ပစ်နိုင်ရင်ရပြီပေါ့။ သို့သော် အာမက်ရဲ့ မျက်လုံးနှစ်ဖက်ကို အဝတ်မည်းမည်း ထူထူကြီးတစ်ခုနဲ့ ဖုံးလိုက်တယ်။ ဒီလိုအခြေအနေမှာ ကိုရင်ကလေးရဲ့ ငယ်ထိပ်တည့်တည့်မှာရှိနေတဲ့ ပန်းသီးကိုထိအောင် ပစ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ လေးမြားပစ်တာ ဘယ်လောက်ပဲတော်တော် မမြင်နိုင်တဲ့ပစ်မှတ်ကိုတော့ ဘယ်လိုလူမျိုးကမှ ထိအောင်မပစ်နိုင်ပါဘူး။ ဒါပေမယ့် အာမက်ရဲ့စိတ်ထဲမှာ ပန်းသီးကို လိုချင် စိတ်က သိပ်ပြင်းပြနေတယ်။ သူ လေးကိုကောက်ကိုင် လိုက်တယ်။ မြားကြိုးကို တင်းနေအောင် ဆွဲလိုက်ပြီး ကိုရင်လေးရှိရာဘက်ကို ချိန်ရွယ်လိုက်တယ်။ အသက် ပြင်းပြင်းရှူသွင်းလိုက်ပြီး ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် သူ့အာရုံထဲမှာ ကိုရင်ကလေးရဲ့ ကြည်လင်တဲ့ ရုပ်သွင်ပေါ်လာတယ်။ ကိုရင်ကလေးဟာအပြစ်ကင်းသူလေးပါလား။ မမြင်ရတဲ့ မြင်ကွင်းမှာ ဘာဖြစ်ဖြစ်ဆိုပြီး ပစ်လိုက်ရင် ဖြစ်နိုင်ခြေများတာကတော့ ကိုရင်ကလေးကို မြားထိမှာပဲ။ မင်းဆင်ခြင်ပါဦးလား ဆိုတဲ့အတွေးကဝင်လာတယ်။ ဒါနဲ့ တင်းနေတဲ့ မြားကြိုးကို လျှော့လိုက်တယ်။ တစ်ခါ ‘‘မင်းအဖေအတွက်လေ၊ ဒီပန်းသီးရရင် မင်းအဖေအသက်ရှင်ပြီ။ ဘာပဲဖြစ်ဖြစ် ပစ်လိုက်ပေါ့ကွ။ ပန်းသီးကိုထိချင်လည်း ထိမှာပေါ့၊ သူ့ကို ထိသွားတော့ရော မင်းမှာ ဘာထိခိုက်စရာရှိလို့လဲ ပစ်သာပစ်စမ်းပါ” အတွေးတစ်ခု ဝင်လာပြန်တယ်။ ဒါနဲ့မြားကြိုးကို ပြန်တင်း ချိန်ရွယ်လိုက်တယ်ပေါ့။ ဒီတစ်ခါတော့ ဖြစ်ချင်ရာဖြစ် ပစ်လိုက်မယ်။ ‘‘မဟုတ်သေးဘူး၊ လောကမှာ ကိုယ်ရချင်တာ တစ်ခုတည်းကိုပဲကြည့်ပြီး တစ်ဖက်သား ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်မျိုးဟာ လူကောင်းတစ်ယောက်ရဲ့ စိတ်မျိုးမဟုတ်ဘူး။ ဒီလို စိတ်မျိုးနဲ့ မင်းလုပ်ခဲ့တယ် ဆိုရင်လည်း မင်းဖခင်တင်မက လောကကြီးတစ်ခုလုံးက လက်ခံမှာမဟုတ်ဘူး။


လောကမှာ ကိုယ့်ဆန္ဒအတွက်နဲ့ အပြစ်မဲ့သူကို ထိခိုက် နစ်နာစေတာလောက် မကောင်းတာရှိပါဦးမလား” တဲ့။ ဟုတ်တယ်။ ငါ့အတွက်၊ အပြစ်မဲ့တဲ့ ကိုရင်ကလေး ဒုက္ခ မရောက်စေသင့်ဘူးဆိုတဲ့အတွေးနဲ့အတူ သူ့ရဲ့ လေးမြား ကို ကြမ်းပေါ်ပစ်ချလိုက်တယ်။ သူတော်စင်ကြီးကို ‘‘တပည့်တော် အရှုံးပေးပါပြီ၊ ပန်းသီးကြီးကို မရရင်လည်း နေပါစေတော့။ တပည့်တော်အတွက်နဲ့ ကိုရင်ကလေး မထိခိုက်စေလိုပါဘူး” လို့ဆိုပြီး ပြန်ဖို့ဟန်ပြင် လိုက်ပါတယ်။ သူတော်စင်ကြီးက အကျိုးအကြောင်းကို ဆင်ခြင်မိတဲ့အတွက် ‘‘မင်းအရှုံးပေးလိုက်တာမဟုတ်ပါဘူး။ အနိုင်ရသွားတာပါ။ လောကမှာ အရှုံးပေးတိုင်း ရှုံးရတာမဟုတ်ပါဘူး။ အရှုံးကြောင့် အနိုင်ရတာတွေ ရှိပါတယ်။ မင်းရဲ့ဆင်ခြင်တွေးတောနိုင်စွမ်းနဲ့ မလုပ်သင့်တာကိုမလုပ်ဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာဟာ မင်းအနိုင်ရခြင်းပါပဲ။ မြင့်မြတ်တဲ့ မင်းရဲ့ စိတ်ဓာတ်ကို ချီးကျူးပါတယ်။ မင်းလိုချင်တဲ့ ဟောဒီသိဒ္ဓိဝင်ပန်းသီးကြီးကို ပေးလိုက်ပါပြီ။ မင်းဖခင်အတွက် အကျိုးရှိရာ သုံးပေတော့” ဆိုပြီး ပေးလိုက်ရောတဲ့။ ပုံပြင်ကလေးကတော့ ဒါပါပဲကွယ် လို့ဆိုနိုင်ပေမယ့် သိပ်တန်ဖိုးရှိတဲ့ အတွေး အသိတွေကို ဖတ်သူရဲ့ခေါင်းထဲ၊ နှလုံးသားထဲကို စွဲစွဲမြဲမြဲ ဖြစ်စေခဲ့ပါတယ်။ “ဘယ်တော့မှ ကိုယ့်အတွက်နဲ့ သူတစ်ပါးမထိ ခိုက်စေနဲ့” ဆိုတဲ့အသိကို တစ်သက်လုံးစွဲမှတ်စေခဲ့ပါတယ်။


ဒါကြောင့် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်မဟာဇနကာဘိဝံသက ‘‘စိတ်ကောင်းရှိဖို့ ပထမ” လို့ မိန့်မှာခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေရဲ့ စိတ်ဓာတ်တွေကို မြင့်မြတ်တဲ့အခြေအနေတွေဆီမှာ မတည်ရှိ နေနိုင်သရွေ့ ဘယ်လိုလမ်းစဉ်၊ ဘယ်လိုစနစ်တွေနဲ့ တည်ဆောက်တည်ဆောက် မျှော်မှန်းတဲ့ ပန်းတိုင်ဆီရောက်မှာ မဟုတ်ပါဘူး။

 

ကျွန်တော်တို့တစ်တွေ အများအတွက် အနစ်နာခံတတ်တဲ့ စိတ်တွေ၊ ကိုယ့်အတွက် အများမထိခိုက်စေတတ်တဲ့ စိတ်မျိုးတွေကို မွေးမြူသင့်ကြတာ အမှန်ပါ။ ဒီလို စိတ်ဓာတ် မျိုးတွေဟာ မြင့်မြတ်တဲ့ လူသားကောင်းတွေရဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ လောကကြီးကို အထူးအကျိုးပြုနိုင်ပါတယ်။ ဒီလိုစိတ်ထားမျိုးရှိသူတွေ များလာလေ လောကကြီး အေးချမ်းသာယာတိုးတက်နေမှာပါ။ ‘‘One for All.All for One” တဲ့။ မိမိတို့တစ်ဦးချင်းသည် အားလုံးအတွက် ဖြစ်ပြီး အားလုံးအတွက်လည်း မိမိတို့တစ်ဦးချင်း၏ ပါဝင်မှုက အရာရောက်ကြောင်း ဆိုလိုပါတယ်။


ဒါကြောင့် အခုတွေ့ကြုံနေရတဲ့ ကပ်ရောဂါကြီးကိုအောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ဖို့၊ အနာဂတ်နိုင်ငံ တော်ကြီးကို အောင်မြင်စွာတည်ဆောက်နိုင်ဖို့ နိုင်ငံသားတိုင်း စိတ်ကောင်းနှလုံးကောင်း စိတ်ခွန်အားများမွေးမြူ သင့်ကြပါတယ်။ စိတ်ဓာတ်ခွန်အားကောင်းများနဲ့ လက်တွဲဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ခြွေလိုက် ပါတယ်ခင်ဗျား။    ။