ကျပ်ငွေ ၁၇၈ ဘီလီယံခန့် ကုန်ကျတည်ဆောက်မယ့် အိမ်ရာစီမံကိန်း

 

ရန်ကုန်မြို့မှာ သက်တမ်းကြာရင့်နေပြီဖြစ်တဲ့ အိုးအိမ်အဆောက်အအုံတွေ အများကြီးရှိနေပါတယ်။ ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့အညီ လူမှုဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲဆန်းသစ်လာတဲ့ ဒီနေ့အချိန်မှာ ကြံ့ခိုင်မှုအားနည်းလာ တဲ့ အိမ်ရာတွေကို အသစ်ပြန်လည်တည်ဆောက်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဒီလိုအိမ်ရာတွေအနက် အချို့ကို အသစ်ပြန်လည်တည်ဆောက်နေပြီဖြစ်သလို အင်းစိန်မြို့နယ်အတွင်းက ကြို့ကုန်းအိမ်ရာကိုလည်း ငွေကျပ် ၁၇၈ ဘီလီယံခန့် အကုန်အကျခံပြီး ဒီဇိုင်းအသစ်နဲ့ ပြန်လည် တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

 

အငှားအိမ်ရာစီမံကိန်းဖော်ဆောင်

ရန်ကုန်မြို့ပြရဲ့ တိုးတက်ဖွံ့ဖြိုးမှုပုံရိပ် တွေကို တဖြည်းဖြည်းနဲ့ အသစ်တွေနဲ့ အစား ထိုး ပြောင်းလဲနေတဲ့ အချိန်ဖြစ်တာမို့ အခုဆိုရင် အစိုးရပိုင် သက်တမ်းရင့်အိမ်ရာတွေကို ဒီဇိုင်းအသစ်နဲ့ ပြန်လည် တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်တဲ့အခါ ရန်ကုန်မြို့မှာ ၁၉၅၂ ခုနှစ်ခန့်က တည်ဆောက်ခဲ့တဲ့ ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း ၁၂ လုံးတန်းအိမ်ရာနဲ့ ကြို့ကုန်းအိမ်ရာ တွေဟာ အငှားအိမ်ရာစီမံကိန်းတွေအဖြစ် ဖော်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီအိမ်ရာတွေအနက် အခု ကြို့ကုန်းအိမ်ရာကို ပြန်လည်အဆင့်မြှင့်တင်တည် ဆောက်ဖို့အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ တင်ဒါခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒီလို တင်ဒါခေါ်ယူခဲ့ပြီးနောက် တင်ဒါတွေကို စနစ် တကျစိစစ်ရွေးချယ်ပြီးတဲ့အခါ သီလဝါအများ ပိုင်ကုမ္ပဏီ (MTSH) က တင်ဒါအောင်မြင်ခဲ့ပါတယ်။ ဒီလိုတင်ဒါစိစစ်ရွေးချယ်တာကို Yangon Metropolitan Development အများပိုင်ကုမ္ပဏီက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

 

ပြန်လည်တည်ဆောက်နေ

တကယ်တော့ ဒီလိုစီမံကိန်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေ တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်သူ့အိမ်ရာတွေကို အဆင့် မြှင့်တင် တည်ဆောက်ရေးစီမံကိန်းတွေအနက် တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ပုဇွန်တောင်မြို့နယ် မှာရှိတဲ့ ပြည်တော်သစ်အိမ်ရာ စီမံကိန်းနဲ့ လမ်းမတော်မြို့နယ်မှာရှိတဲ့ လမ်းသစ်အိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော် ပြန်လည်တည်ဆောက်နေပြီ ဖြစ်ပါတယ်။


ကြို့ကုန်းအိမ်ရာဟာ အင်းစိန်လမ်းမနဲ့ ဗဟိုလမ်းမဘေးမှာတည်ရှိပြီး အနောက်ကြို့ကုန်းဧရိယာ အတွင်းမှာ ရှိပါတယ်။ အကျယ်အဝန်း ၁၇ ဧကခန့်ရှိတဲ့ ဒီနေရာမှာ ငွေကျပ် ၁၇၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး MTSH ကုမ္ပဏီက တည်ဆောက်မှာဖြစ်ပါတယ်။ “ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ဖို့ Preferred Developer အဖြစ် ရွေးချယ်ခံထားရပြီး MTSH ကုမ္ပဏီအနေနဲ့ စီမံကိန်းတင်ဒါအောင်မြင် ထားပါတယ်” ဟု MTSH ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောထားပါတယ်။

 

ဒီလို တင်ဒါအောင်မြင်ခဲ့တာကလည်း MTSH အနေနဲ့ သီလဝါအထူးစီပွားရေးဇုန်မှာ အကြီးစားမြို့ပြနဲ့ အိမ်ရာစီမံကိန်းဆောင်ရွက် ခဲ့တဲ့ အတွေ့အကြုံရှိပြီး ဘဏ္ဍာရေးအနေနဲ့လည်း တောင့်တင်းမှုရှိတဲ့အပြင် လုပ်ငန်းပိုင်း ဆိုင်ရာ စီမံအုပ်ချုပ်မှု စနစ်ကောင်းတွေကြောင့်ဖြစ်တယ်လို့ တင်ဒါရွေးချယ်ရေးအဖွဲ့ တာဝန် ရှိသူတွေက သုံးသပ်ထားပါတယ်။


အလေးထားဆောင်ရွက်ရမှာဖြစ်

ကြို့ကုန်းအိမ်ရာ အကောင်အထည်ဖော်တဲ့အခါ လက်ရှိအိမ်ရာအတွင်း ပိုင်ဆိုင်နေထိုင်သူတွေ နေရာ ပြန်လည်ချထားပေးရေး၊ ဆောက်လုပ်တဲ့အခါ တန်ဖိုးသင့်၊ တန်ဖိုးမျှတတဲ့ အိမ်ရာခန်းတွေ ပေါ်ထွက် လာရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး အဆောက်အအုံအရည်အသွေးနဲ့ ကြံ့ခိုင်မှု ရှိရေးတွေကိုလည်း စိစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ဒီလို ပြန်လည်တည်ဆောက်တဲ့အခါ တန်ဖိုးသင့်၊ တန်ဖိုးမျှ အိမ်ရာတွေအပြင် ဈေးဝယ်စင်တာတွေ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ၊ အပန်းဖြေနေရာနဲ့ ကျန်းမာရေးစင်တာတွေစတဲ့ လူမှုဘဝလိုအပ် ချက်ဆိုင်ရာ အတော်များများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် ကုမ္ပဏီအနေနဲ့ တိုင်းဒေသကြီးအစိုးရ၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့နဲ့ စာချုပ်တွေချုပ်ဆိုပြီးရင်တော့ လုပ်ငန်းတွေ စတင်ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ ဒီလို လုပ်ငန်း အကောင်အထည်ဖော်တဲ့အခါမှာ အငှားအိမ်ရာအဟောင်းတွေကို ဖြိုချပြီး အသစ်တည်ဆောက် တဲ့အခါ လက်ရှိနေထိုင်သူတွေ ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆောက်အအုံဆောက်လုပ် ပြီးစီးသွားခဲ့ရင်တော့ မဲစနစ်နဲ့ ပြန်လည်နေရာချထားပေးမှာဖြစ်သလို တည်ဆောက်နေတဲ့ စီမံကိန်း ကာလအတွင်း ပြောင်းရွှေ့နေထိုင်စရိတ်ကို တိုင်းဒေသကြီးအစိုးရက စိုက်ထုတ်ပေးဖို့ အစီအစဉ်ရှိတယ် လို့ သိရပါတယ်။

 

ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်

ရန်ကုန်မြို့မှာရှိတဲ့ အငှားအိမ်ရာစီမံကိန်းအချို့ကို တိုင်းဒေသကြီးအစိုးရက ပြန်လည်ပြုပြင် အသစ် တည်ဆောက်နေမှုနဲ့ ပတ်သက်ပြီး နေထိုင်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့မှာ အငှားအိမ်ရာအဟောင်းတွေကို ဖြိုချပြီး အထပ်မြင့်တိုက်ခန်းအသစ်တွေနဲ့ အစားထိုး နေနိုင်ဖို့အတွက် ဖော်ဆောင်ပေးတာဖြစ်တာမို့ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။


တကယ်တော့ ရန်ကုန်မြို့မှာ မြို့သစ်စီမံကိန်းတွေ၊ အိမ်ရာစီမံကိန်းတွေ၊ စက်မှုဥယျာဉ်စီမံကိန်းတွေ၊ မြို့တိုးချဲ့စီမံကိန်းနဲ့ အိမ်ရာတိုက်ခန်းစီမံကိန်းတွေ စတာတွေဟာ ရန်ကုန်မြို့မှာ တဖြည်းဖြည်း တိုးတက်များပြားလာတဲ့ လူနေထိုင်မှုတွေအတွက်သာမက စီးပွားရေးလုပ်ငန်းတွေအပါအဝင် ရန်ကုန်မြို့ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။


ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်

အခုလည်း သက်တမ်းနှစ် ၇၀ ခန့်ရှိနေ ပြီဖြစ်တဲ့ ကြို့ကုန်းအိမ်ရာ ပြန်လည်တည်ဆောက်ရေးကို စနစ်တကျနဲ့ စီစဉ်ဆောင်ရွက် နေတာဖြစ်ပြီး မကြာမီကာလမှာ အကောင်အထည်ဖော်ဖို့ ရှိလာတော့မှာ ဖြစ်ပါတယ်။ ပိုမို ကောင်းမွန်တဲ့ လူမှုဘဝနေထိုင်မှုကို ရရှိစေဖို့ ဖြစ်ပါတယ်။ သက်တမ်းရင့်နေတဲ့ တိုက်တွေမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရတဲ့ လူနေမှုဘဝ ရရှိနိုင်ဖို့အတွက် အခုလိုဆောင်ရွက်ပေးတာဖြစ်သလို အစိုးရအနေနဲ့ ဘဏ္ဍာငွေကို အားလုံး အကုန်အကျခံနိုင်ဖို့ မလွယ်တာမို့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

 

ဒီလိုအခြေအနေတွေကြောင့် ကြို့ကုန်း အိမ်ရာစီမံကိန်းဟာ တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်ဖို့ နီးကပ်လာနေပြီး လိုအပ်တဲ့ စာချုပ်ကိစ္စတွေ ဆောင်ရွက်ပြီးရင်တော့ စတင်နိုင်တော့မှာဖြစ်ပါတယ်။ ကြို့ကုန်းအိမ်ရာ စီမံကိန်းပြီးစီးသွားရင်တော့ ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်ကို ပိုမိုဖြည့်ဆည်း ပေးဦးမှာဖြစ်သလို အဲဒီမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လူမှုဘဝနေထိုင်မှုတွေ ပြောင်းလဲတိုးတက်မှု ရှိလာစေမှာတော့ အမှန်ပါပဲ။   ။

 

ဆွေဦးဝေ