ကြည်ညိုဖူးမြော် ထာဝရငြိမ်းချမ်းရေးစေတီတော်

 

မင်းသန်းနိုင် (မုဒုံ)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဗုဒ္ဓသာသနာထွန်းကားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဗုဒ္ဓသာသနာ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ တိုင်းသူပြည်သား ဗုဒ္ဓဘာသာ ဝင်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာဘုရား၏ ကိုယ်စားတော်အဖြစ် သာသနာတော် တည်ဦးမှ စ၍ ယနေ့ခေတ်တိုင် နိုင်ငံတစ်ဝန်း စေတီပုထိုး များကို တည်ထားကိုးကွယ်ခဲ့ကြသည်။

စေတီပုထိုးများ တည်ထားကိုးကွယ်ခြင်း သည် သာသနာတည်ခြင်းမဟုတ်သော်လည်း ဤမြေဤရေတွင် သာသနာတည်ရှိနေခြင်း၏ ပြယုဂ်ပင်ဖြစ်သည်။ ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသော တရားတော်များအရ လူတို့၏ စိတ်သန္တာန်တွင် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာမြတ်သုံးပါး ကိန်း၀ပ်နေမှသာ လျှင် သာသနာတည်သည်ဟု ဆိုရပေမည်။ ထိုသို့ လူတို့၏ စိတ်တွင် သာသနာတည်စေရန် (သို့မဟုတ်) လူတို့၏ စိတ်သန္တာန်တွင်ရှိသည့် သဒ္ဓါစိတ်အဟုန် ကြောင့် နောက်လူများအတွက် သာသနာတော်ကို မမေ့လျော့စေရန်နှင့် အဓွန့် ရှည်တည်တံ့ရန် ရည်ရွယ်တည်ထားခဲ့သည့် စေတီပုထိုးများကို မြန်မာနိုင်ငံ၏ နေရာ ဒေသအနှံ့အပြားတွင် တွေ့ရခြင်းပင် ဖြစ် သည်။

ဗုဒ္ဓဘာသာ၀င်အပေါင်းတို့သည် ယခင် တည်ရှိခဲ့ပြီးသော စေတီပုထိုးများကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အသစ်အသစ်သော စေတီ ပုထိုးများကို တည်ထားကိုးကွယ်ခြင်းဖြင့် သာသနာတော် ထွန်းကားပြန့်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ဗုဒ္ဓ သာသနာသည် ခေတ်အဆက်ဆက်တွင် စဉ်ဆက်မပြတ် ကျယ်ပြန့်လာခဲ့သည်မှာ ကြည်နူး၀မ်းမြောက် ကျေနပ်အားရဖွယ် ကောင်းသလို နောင်အဆက်ဆက်ထွန်းကား ပြန့်ပွားစေရန်လည်း လက်ဆင့်ကမ်းဆောင် ရွက်နေကြရမည် ဖြစ်သည်။

တည်ထားပူဇော် ထာဝရငြိမ်းချမ်းရေး စေတီတော်

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်း တောင့်တရာဖြစ်သော ထာဝရငြိမ်းချမ်းရေး ဖြစ်သည့် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးတို့ကို ရည်သန်၍ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟ လမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ ဉာဏ်တော် အမြင့် ၁၀၈ ပေရှိသည့် ထာဝရငြိမ်းချမ်းရေး စေတီတော်ကို တည်ထားလျက်ရှိပါသည်။ ထာဝရငြိမ်းချမ်းရေးစေတီတော် နှင့်အတူ စေတီတော်အရံ ၈၀ ပါရှိပြီး စေတီတော်၏ ရင်ပြင်တော် အကျယ်မှာ ၃၀၆ ပေ ရှိသည်။

ထုံးတမ်းစဉ်လာ မဟာမင်္ဂလာ

ထာဝရငြိမ်းချမ်းရေး စေတီတော်ကို တည်ထားရာတွင် ထေရဝါဒသာသနာတော် ဆိုင်ရာ ထုံးတမ်းစဉ်လာ မဟာမင်္ဂလာ (၉)မျိုး နှင့်အညီ ဖြစ်စေရေးအတွက် သြဝါဒါစရိယ ဆရာတော်ကြီးများထံ သြဝါဒခံယူကာ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ မဟာမင်္ဂလာ (၉)မျိုးမှာ-

(က) အနန္တရာယိက မြေသန့်မဟာမင်္ဂလာ၊

(ခ) ရတနာပန္နက်တော်တင် တွင်းတော် ဝန်း မဟာမင်္ဂလာ၊

(ဂ) ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ၊

(ဃ) သတ္တဌာန မူလဌာပနာတော်တွင်း မဟာမင်္ဂလာ၊

(င) အလယ်ဌာပနာတော်တွင်း မဟာ မင်္ဂလာ၊

(စ) ပန်းလည်တိုင်စိုက်ထူခြင်း မဟာ မင်္ဂလာ၊

(ဆ) အထက်ဌာပနာတော်တွင်း မဟာ မင်္ဂလာ၊

(ဇ) ရွှေထီးတော်တင် မဟာမင်္ဂလာ၊

(ဈ) မြသပိတ်၊ ရွှေကြာသင်္ကန်းတော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာ မင်္ဂလာတို့ ဖြစ်ပါသည်။

 

မဟာမင်္ဂလာ အခမ်းအနားများ ဆင်ယင်ကျင်းပ

မဟာမင်္ဂလာ အခမ်းအနားများအနက် အနန္တရာယိက မြေသန့်မဟာမင်္ဂလာအခမ်း အနား ကို ၁၀-၅-၂၀၁၈ ရက်နေ့တွင်လည်း ကောင်း၊ ရတနာပန္နက်တော်တင် တွင်းတော်ဝန်း မဟာမင်္ဂလာအခမ်းအနားကို ၁၂-၅-၂၀၁၈ ရက်နေ့တွင်လည်းကောင်း၊ ရတနာအုတ် မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားကို ၂၄-၅-၂၀၁၈ ရက်နေ့တွင်လည်းကောင်း၊ သတ္တ ဌာနမူလဌာပနာတော်တွင်း မဟာမင်္ဂလာ အခမ်းအနားကို ၁၉-၆-၂၀၁၈ ရက်နေ့တွင် လည်းကောင်း၊ အလယ်ဌာပနာတော်တွင်း မဟာ မင်္ဂလာအခမ်းအနားကို ၁-၉-၂၀၁၈ ရက်နေ့ တွင်လည်းကောင်း၊ ပန်းလည်တိုင်စိုက်ထူခြင်း မဟာမင်္ဂလာအခမ်းအနားကို ၂၂-၁၁-၂၀၁၈ ရက်နေ့တွင်လည်းကောင်း ကျင်းပပြီး ဖြစ်ပါ သည်။ ကျန်ရှိနေသေးသည့် အထက်ဌာပနာ တော်တွင်း မဟာမင်္ဂလာ၊ ရွှေထီးတော်တင် မဟာမင်္ဂလာနှင့် မြသပိတ်၊ ရွှေကြာသင်္ကန်း တော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို ၁၃၈၁ ခုနှစ် တန်ဆောင် မုန်းလပြည့်နေ့ (၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်) နံနက် ၇ နာရီ မိနစ် ၂၀ တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

 

အလှူပေါင်းစု မြတ်ကောင်းမှု

 

ထာဝရငြိမ်းချမ်းရေး စေတီတော်ကို ရွှေပါရမီတောရ ဆရာတော် မဟာသဒ္ဓမ္မဇောတိ က ဓမ္မကထိက ဗဟုဇနဟိတဓရ အရှင်ဆန္ဒာဓိက အား အမှူးထား၍ နိုင်ငံတော်အကြီးအကဲ များ၊ တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ ဒါယိကာမ များနှင့် (၇)ရက်သားသမီးများ၏ ပေါင်းစု ကောင်းမှုဖြင့် စေတီတော်ကို တည်ထားခြင်း ဖြစ်ပေသည်။

မဟာမင်္ဂလာအခမ်းအနားများသို့လည်း ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံတော်အကြီး အကဲများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များက တက်ရောက်ကြည်ညိုပါဝင်လှူဒါန်း၍ မဟာ မင်္ဂလာအခမ်းအနားများကို ဆင်ယင်ကျင်းပ ခဲ့ပေသည်။

ကြွရောက်ဖူးမြော်စေတီတော်

 

ထာဝရငြိမ်းချမ်းရေး စေတီတော်၏ အထက်ဌာပနာတော်တွင်း မဟာမင်္ဂလာ၊ ရွှေထီးတော်တင် မဟာမင်္ဂလာနှင့် မြသပိတ်၊ ရွှေကြာသင်္ကန်းတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားများ ကို ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်) နံနက် ၇ နာရီ ၂၀ မိနစ်တွင် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်း အနီးရှိ ထာဝရငြိမ်းချမ်းရေးစေတီတော် ပရိဝုဏ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည် ဖြစ်သည်။

 

ထာဝရငြိမ်းချမ်းရေးစေတီတော် ထီးတော် တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပနေမှု များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သလို စေတီ တော်ရင်ပြင်ရှိ LED ဘုတ်တို့တွင်လည်း ပြသ သွားမည်ဖြစ်ကြောင်း သိရပေသည်။

 

မြတ်ဗုဒ္ဓ၏ သာသနာကမ္ဘာတည်သရွေ့ ထွန်းကားပြန့်ပွားစေရန်နှင့် ဗုဒ္ဓဘာသာဝင် တို့၏ ရည်မှန်းတောင့်တရာဖြစ်သော မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ ထာဝရငြိမ်းချမ်းရေးတို့ကို ရည်သန်၍ (၇)ရက်သားသမီးတို့၏ အလှူစုပေါင်းအားဖြင့် တည်ထားကိုးကွယ်သည့် ထာဝရငြိမ်းချမ်းရေး စေတီတော်သို့ ကြွရောက်ဖူးမြော်ကြပါရန် ဤစာစုဖြင့် နှိုးဆော်သမှုပြုလိုက်ရပါ သည်။ ။

ကြေးမုံ