ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲ ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ကျွန်းလှ နိုဝင်ဘာ ၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲ ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက သစ်ရာမြိုင်ရပ်ကွက်၊ ကွင်းအမှတ် ၄၉၂ တောင်သူ ဦးခင်မောင်ညွှန့်၏ ယာမြေ ၅ ဧက၌ ကျင်းပသည်။

 

ကွင်းသရုပ်ပြပွဲတွင် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ကျောက်မှုန့်မြေဩဇာ (ဂျစ်ဆင်) ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု တိုးတက်ကောင်းမွန်ပြီး ချဉ် ငံကိန်း သမမျှတခြင်း၊ အနည်းလိုအဟာရဓာတ်များ စုပ်ယူရာတွင် လိုအပ်သည်ထက်ပိုပြီး စုပ်ယူမှုမရှိအောင် ထိန်းသိမ်းပေးခြင်းနှင့် အဆိပ်အတောက်မဖြစ်အောင် ထိန်းညှိပေးခြင်း၊ မြေပဲအတောင့်ကြီးထွားပြီး အစေ့အဆံပိုမိုပြည့်ဝခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများအား ကျောက်မှုန့်မြေဩဇာများပေးအပ်၍ လက်တွေ့စိုက်ပျိုးပြသကြသည်။

 

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ကျွန်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)