ကြံခင်းမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကြံခင်း ဩဂုတ် ၂၄

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က ကျန်းမာသန်စွမ်းပြီး ဗဟုသုတပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးသည် နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဒေါက်တိုင်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်က အာဟာရဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောသည်။

 

ထို့နောက် ဖိတ်ကြားထားသူများက ခင်းကျင်းပြသထားသည့် အာဟာရအုပ်စုများကို ကြည့်ရှုအားပေးပြီး အသက်၁ နှစ်မှ ၅ နှစ် အောက်ကလေးများအား ဗီတာမင်အေ နှစ်သိန်းနှင့် ၂ နှစ်မှ ၅ နှစ် အောက် ကလေးများကို သန်ချဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား သံဓာတ်အားဆေးပေးအပ်ခြင်း၊ ဆေးစိမ်ခြင်ထောင် အလုံး ၃၀ ကို ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဖြိုးဝေလင်း(ပြန်/ဆက်)