ကင်မရာလေးလုံးနဲ့ စွမ်းရည်မြင့်ဘက်ထရီ ပါဝင်တဲ့ Realme 5 စမတ်ဖုန်းသစ်

သူရဖြိုး

 

ပြည်တွင်းဈေးကွက်မှာ နာမည်ရစပြုလာတဲ့ Realme အမှတ်တံဆိပ်ရဲ့ ဖုန်းမော်ဒယ်သစ် တစ်ခုဖြစ်တဲ့ Realme 5 ဟာ နိုင်ငံတကာမှာ စက်တင်ဘာ လဆန်းပိုင်းကတည်းက ရောင်းချနေခဲ့တာဖြစ်ပေမယ့် ပြည်တွင်းဈေးကွက်ကိုတော့ အောက်တိုဘာ လကုန်ပိုင်းမှာမှ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အရည်အသွေးပိုင်း ကောင်းမွန်သလို ဈေးနှုန်းလည်း မများတာကြောင့် ပြည်တွင်း ဈေးကွက်မှာ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

 

မျက်နှာပြင်အကျယ်ဟာ ၆ ဒသမ ၅ လက်မရှိပြီး ဆယ်လ်ဖီကင်မရာနေရာနဲ့ အောက်ဘက် ဘောင်နေရာ အနည်းငယ်ကလွဲရင် full screen နီးပါးဖြစ်ပါတယ်။ Screen ဟာ LCD ဖြစ်ပေမယ့် 720x1600 pixels resolution ရှိလို့ ရုပ်ထွက် အရည်အသွေးကတော့ ကောင်းမွန်ပါတယ်။ မျက်နှာပြင်ကို ထိခိုက်မှုတွေက ကာကွယ်နိုင်ဖို့ Corning Gorilla Glass 3+ နဲ့ ဖုံးအုပ်ထားပါတယ်။ ကိုယ်ထည်ဟာ ပလတ်စတစ်ကိုယ်ထည်ဖြစ်ပြီး ရေအနည်းငယ်စိုတာကို ခံနိုင်တဲ့ Splash Resistant ဖြစ်ပါတယ်။

 

အန်းဒရွိက်ဗားရှင်းအနေနဲ့ နောက်ဆုံးထွက် 9.0(Pie)ကို အသုံးပြုထားသလို နောက်ထွက်လာမယ့် Android 10 အတွက်ပါ upgrade လုပ်နိုင်မှာကတော့ ပိုပြီးကောင်းမွန်တဲ့အချက် ဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ GSM ဆင်းကတ်နှစ်ကတ် ထည့်သုံးနိုင်ပြီး အင်တာနက်အတွက်တော့ 4G(LTE)ကို ထောက်ပံ့ပေးထားပါတယ်။

 

Chipset နဲ့ CPU ပိုင်းမှာလည်း Snapdragon 665 နဲ့ Octa-Core CPU တွေ ပါဝင်လို့ တန်ဖိုးနည်း ဖုန်းတစ်လုံးအနေနဲ့ဆိုရင် အတော်ကောင်းမွန်ပါတယ်။ RAM နဲ့ အင်တာနယ်မင်မိုရီအနေနဲ့တော့ RAM 3GB, အင်တာနယ်မင်မိုရီ 64GB ဗားရှင်းတစ်မျိုး၊ RAM 4GB, အင်တာနယ်မင်မိုရီ 128GB ဗားရှင်းတစ်မျိုး ထွက်ထားပါတယ်။ မိုက်ခရို SD ကတ် ထပ်စိုက်သုံးဖို့အတွက် သီးခြားအပေါက်လည်း ပါဝင်ပြီး 256 GB အထိ သုံးနိုင်ပါတယ်။

 

ကင်မရာပိုင်းမှာတော့ နောက်ကင်မရာဟာ ၁၂ မဂ္ဂါပစ်ဇယ် ပင်မကင်မရာ၊ ၈ မဂ္ဂါပစ်ဇယ် (Ultrawide) ကင်မရာ၊ ၂ မဂ္ဂါပစ်ဇယ် (dedicated macro)ကင်မရာနဲ့ ၂ မဂ္ဂါပစ်ဇယ် (depth sensor)ကင်မရာတွေ ပါဝင်တဲ့ Quad Camera ဖြစ်ပါတယ်။ 2160 pixels HD အရည်အသွေးရှိတဲ့ ဗွီဒီယိုတွေ ရိုက်ကူးနိုင်မှာဖြစ်သလို အရည်အသွေးမြင့် ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် ဆော့ဖ်ဝဲပိုင်း လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ ဆယ်လ်ဖီကင်မရာကတော့ ၁၃ မဂ္ဂါပစ်ဇယ်ရှိပြီး ထူးခြားတဲ့လုပ်ဆောင်ချက်တွေ မပါဝင်ပါဘူး။

 

ထူးခြားချက်အနေနဲ့ ဘက်ထရီဟာ 5000 mAh ပမာဏရှိတဲ့အတွက် တစ်နေကုန် အင်တာနက်သုံးသူတွေ၊ အချိန်ကြာကြာ ဂိမ်းကစားသူတွေအတွက် အဆင်ပြေစေမှာဖြစ်ပြီး သာမန်ဖုန်းပြောရုံဆိုရင်တော့ ငါးရက်လောက်အထိ သုံးနိုင်မှာဖြစ်ပါတယ်။ Fingerprint sensor ကတော့ ကိုယ်ထည်ရဲ့ နောက်ကျောဘက်မှာပဲ ပါဝင်ပါတယ်။ USB ကတော့ micro USB ဖြစ်ပြီး on-the-go စနစ်ကို ထောက်ပံ့ထားပါတယ်။

 

ကိုယ်ထည်အရောင်အနေနဲ့ အပြာနဲ့ ခရမ်း နှစ်မျိုးပဲ ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းက RAM 3GB, ROM 64GB အတွက် ကျပ်နှစ်သိန်းခွဲဝန်းကျင်နဲ့ RAM 4GB, ROM 128 GB အတွက် ကျပ် ၂၈၀ဝ၀ဝ ဝန်းကျင် ရှိပါတယ်။