ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါကူးစက်ခံရသူ ၅၅၀၀ ကျော် ရှိလာ

ကင်ရှာဆာ     ဩဂုတ်    ၂၄

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကူးစက်ခံရသူ ၅၅၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၆၀၀ ကျော်ရှိကြောင်း အစိုးရက ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်း အီဘိုလာရောဂါဖြစ်ပွားမှုသည် အဆုံးအဖြတ်ပေးမည့် အလှည့်အပြောင်းတစ်ခုသို့ ဦးတည်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

နောက်ဆုံးရရှိသည့် တရားဝင်အချက်အလက်များအရ နိုင်ငံအတွင်း အီဘိုလာရောဂါအတည်ပြုကူးစက်ခံရသူ ၅၅၁၄ ဦးနှင့် သေဆုံးသူ ၂၆၄၂ ဦးရှိကြောင်း သိရသည်။ အီဘိုလာရောဂါကြောင့် သေဆုံးသူ  ၄၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ရောဂါကူးစက်ခံရသူ ၁၂၀၀ မှာ ကျန်းမာရေးပြန်လည်ကောင်း လာခဲ့သည်။ အီဘိုလာရောဂါကူးစက်မှုများကို နိုင်ငံအတွင်းရှိ အိုင်တူယီ၊ မြောက်ကီဗူ၊ တောင်ကီဗူ၊ ဟော့ယူလီ၊ ဗတ်ယူလီနှင့် ရှိုပိုဒေသများတွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ရောဂါကုသရေးအတွက်လိုအပ်သည့် အရင်းအမြစ်များရရှိရန်နှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရော့စ်အက်ဒနွန်ဂါဘရီယီဆက်က ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ