ကင်ဂျုံအန်း၏ အဒေါ်ဖြစ်သူ ကျန်းမာရေးကောင်းမွန်ကြောင်း မီဒီယာတွင်ပြသ

ပြုံယမ်း ၂၇ ဇန်နဝါရီ 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏ အဒေါ်ဖြစ်သူ ကင်ကရောင်ဟီမှာ ခြောက်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လူအများရှေ့သို့ ထွက်လာသည်ကို မြင်တွေ့ရသည်။

ကင်ဂျုံအန်း၏ မိသားစုနှင့်အတူ ကဇာတ်ရုံတွင် ကပြဖျော်ဖြေမှု ကြည့်နေသည့်ပုံကို အာဏာရအလုပ် သမားပါတီ သတင်းစာဖြစ်သည့် ရိုဒုန်ဆင်မန်တွင် ဖော်ပြထားသည်။ နှစ်သစ်ကူးနေ့ အခမ်းအနားအဖြစ် ကျင်းပနေသည့် အချိန်လည်း ဖြစ်သည်။ ကင်ကရောင်ဟီမှာ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ၏ ညီမအငယ်လည်း ဖြစ်သည်။ ကင်ကရောင်ဟီ ကဇာတ်ရုံတွင် ခေါင်းဆောင်ကင်၏ ဇနီးနှင့်အတူ ပွဲကြည့်နေသည့်ပုံကို မီဒီယာတွင် ဖော်ပြထားသည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူ ရှေ့တွင် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်း၏ခင်ပွန်းဖြစ်သူ ဂျန်ဆောင်ထယ်သည် အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်ပြီး ကင်ဂျုံအန်း၏ ဆရာလည်း ဖြစ်သည်။ ၎င်းမှာ နိုင်ငံတော် အာဏာသိမ်းရန်ကြံစည်မှုဖြင့် စွပ်စွဲခံရပြီးနောက် ကွပ်မျက်ခံလိုက်ရသူလည်း ဖြစ်သည်။

ထိုအချိန်မှ စတင်ကာ ကင်က ရောင်ဟီမှာလူထုရှေ့မှ ပျောက်ကွယ်သွားပြီး ကျန်းမာရေးအခြေအနေ မကောင်းခြင်း သို့မဟုတ် သေဆုံးသွားပြီဟု အများကထင်မြင်ယူဆခဲ့ကြပြီးမှ ယခုလို လူထုရှေ့သို့ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အင်န်အိတ်ချ်ကေ