ကနေဒါနိုင်ငံမှာ နိုင်ငံရွှေ့ပြောင်းနေထိုင်သူဦးရေ ပိုပြီးလက်ခံမယ်လို့ ကြေညာ

၃၁ အောက်တိုဘာ

ကနေဒါနိုင်ငံမှာ နိုင်ငံရွှေ့ပြောင်းနေထိုင်သူ ဦးရေ ၁ ဒသမ ၂ သန်းကို ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာ လက်ခံသွားမယ်လို့ ကနေဒါနိုင်ငံ ရွှေ့ပြောင်းရေးဆိုင်ရာဝန်ကြီးက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ 

အစီအစဉ်အရ  ကနေဒါနိုင်ငံရဲ့လူဦးရေ တစ်ရာခိုင်နှုန်းနဲ့အညီ ၂၀၂၁ ခုနှစ်အတွင်းမှာ လူဦးရေ ၄၀၁,၀၀၀ အား အမြဲတမ်းနေထိုင်ခွင့် ပေးသွားမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ၄၁၁,၀၀၀ ၊ ၂၀၂၃ ခုနှစ်မှာ ၄၂၁,၀၀၀ လက်ခံပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

နိုင်ငံရွှေ့ပြောင်းရေးဆိုင်ရာဝန်ကြီးက အချိန်တိုအတွင်း စီးပွားရေး ပြန်လည်ထူထောင်နိုင်ရန်နဲ့  ရေရှည်ဖွံ့ဖြိုးရေးအတွက် ရွှေ့ပြောင်းသူတွေကို လက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

ကနေဒါနိုင်ငံမှာ ကျွမ်းကျင်လုပ်သား ၃၄၁,၀၀၀၊ ကနေဒါနိုင်ငံသား မိသားစုဝင်တွေနဲ့ ဒုက္ခသည်တွေကို ဒီနှစ်အတွင်း လက်ခံသွားဖို့ မျှော်လင့်ထားခဲ့ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် နယ်စပ်ဂိတ်တွေပိတ်ထားခြင်း၊ သီးသန့်စောင့်ကြည့်မှုအောက်မှာ နေထိုင်ခြင်းနဲ့ နိုင်ငံတကာလေယာဉ်တွေ သွားလာမှု နည်းပါးခြင်းတို့ကြောင့် ရောက်ရှိလာသူ နည်းတာကို တွေ့ရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကနေဒါနိုင်ငံရဲ့ အခန်းကဏ္ဍအားလုံးအပေါ် သက်ရောက်ကြောင်း နိုင်ငံရွှေ့ပြောင်းရေးဆိုင်ရာဝန်ကြီးက ပြောပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုး တုံ့ပြန်ရေးမှာ နိုင်ငံရွှေ့ပြောင်းသူတွေဟာ ကနေဒါနိုင်ငံအတွက် အရေးကြီးကြောင်း ဆေးရုံတွေနဲ့ ဘိုးဘွားရိပ်သာတွေမှာ လုပ်ကိုင်နေတဲ့ ကျန်းမာရေးလုပ်သား လေးဦးမှာ တစ်ဦးဟာ နိုင်ငံရွှေ့ပြောင်းသူတွေဖြစ်ကြောင်းနဲ့ ကနေဒါနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင် သုံးပုံတစ်ပုံဟာ နိုင်ငံရွှေ့ပြောင်းလာသူတွေဖြစ်ကြောင်း ဝန်ကြီးက အသိအမှတ်ပြုထားပါတယ်။ 

MDN
ကိုးကား- AFP