ဖနောင်ပင် စက်တင်ဘာ ၁၉
ကမ္ဘောဒီးယားနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးပါသည့်အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအား ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ခေါ်လျက်ရှိကြောင်း တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များက ယနေ့ ပြောကြားခဲ့သည်။
အဓိကကဏ္ဍများတွင် လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်ရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ မော်တော်ကား တာယာထုတ်လုပ်ရေး၊ အထူးစီးပွားရေးဇုန်များအပြင် လမ်းများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဲ့သို့သော ကြီးမားသည့် အခြေခံ အဆောက်အအုံ စီမံကိန်းများ ပါဝင်ကြောင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ လက် အောက်ရှိ ကမ္ဘောဒီးယား ရင်းနှီး မြှုပ်နှံမှုဘုတ်အဖွဲ့၏ ဒုတိယ အထွေထွေအတွင်းရေးမှူး ယန်ဟန် က ပြောကြားခဲ့သည်။
ထို့ပြင် အီလက်ထရွန်နစ် အစိတ်အပိုင်းများနှင့် မော်တော်ကား တပ်ဆင်ထုတ်လုပ်ရေးကဲ့သို့သော နည်းပညာမြင့်ကဏ္ဍများအပြင် စိုက်ပျိုးရေးနှင့် နေရောင်ခြည်စွမ်းအင်ကဏ္ဍများသို့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် မျှော်လင့်လျက်ရှိကြောင်း ယန်ဟန်က ဆက်လက် ပြောကြားခဲ့သည်။
ပြောကြား
မရှိမဖြစ်လိုအပ်သော နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအသစ်များမှာ အလွန်အရေးပါကြောင်း ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်ရှိ တရုတ်-အာဆီယံ လေ့လာရေး စင်တာ၏ ဒုတိယညွှန်ကြားရေးမှူး သောင်မန်ဒါဗစ်က ပြောကြားခဲ့သည်။
စီးပွားရေးဝန်ကြီးဌာနမှ နိုင်ငံတော်အတွင်းရေးမှူး ခါလန်က နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသည့် စီးပွားရေး လုပ်ငန်းများသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့် တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့နှင့် ချုပ်ဆိုထားသော နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်များအပါအဝင် သိသာ ထင်ရှားသော ကုန်သွယ်မှုအကျိုး ခံစားခွင့်များကို ရယူနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများထက် ကမ္ဘောဒီးယားနိုင်ငံ၌ လုပ်ငန်းတိုးချဲ့ရန် အခွင့်အလမ်းများ ပိုမိုများပြားသည့်အတွက် ကဏ္ဍစုံ၌ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ


