ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို ထိုင်းနိုင်ငံက ဝင်ခွင့်မပြုလို့ ဝန်ကြီးချုပ်ပြော

၇ နိုဝင်ဘာ

ကမ္ဘောဒီးယားအတိုက်ခံခေါင်းဆောင် ဆမ် ရိန်းစီ ကို ထိုင်းနိုင်ငံကို ဖြတ်ပြီး ကမ္ဘောဒီးယားနိုင်ငံထဲကို ဝင်ခွင့်မပြုဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

ရိန်းစီဟာ ၂၀၁၅ ခုနှစ်ကတည်း နိုင်ငံရေးလုပ်ဆောင်မှုကြောင့် အဖမ်းခံရမှာ စိုးရိမ်းတဲ့အတွက် ပြင်သစ်နိုင်ငံမှာ နေထိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ဟာ ကမ္ဘောဒီးယား လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အိမ်ကိုပြန်ချင်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ရိန်းစီအတွက် ဖမ်းဝရမ်းကို အိမ်နီးချင်းနိုင်ငံတွေဆီကို ပို့ပြီးဖြစ်ကြောင်း နဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို ကမ္ဘောဒီးယားစစ်တပ် စေလွှတ်ထားပြီး ရိန်းစီ ပြန်မလာနိုင်အောင် လုပ်မယ်လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ကလည်း ရိန်းစီနဲ့ အခြားအတိုက်အခံခေါင်းဆောင်တွေကို သေချာစစ်ဆေးဖို့ တာဝန်ရှိသူတွေကို ပြောထားပြီးဖြစ်တယ်။ ထိုင်းနိုင်ငံကို အခြေချပြီး အစိုးရဆန့်ကျင်ရေး လုပ်ဆောင်နိုင်ရန် အခွင့်အရေးမပေးဖို့လို့ ပြောကြားလိုက်ပါတယ်။

ရိန်းစီရဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ (CNRP) ကို ဟွန်ဆမ်က မနှစ်က ပယ်ဖျက်ပြီးနောက် ရွေးကောက်ပွဲမှာအနိုင်ရပြီး နိုင်ငံကို တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီချိန်ကစပြီး အတိုက်အခံ ခေါင်းဆောင်တွေက နိုင်ငံက ထွက်ပြေးခဲ့ပါတယ်။ ဟွန်ဆမ်ဟာ ကမ္ဘောဒီးယားနိုင်ငံကို အုပ်ချုပ်ခဲ့တာ ၃၄ နှစ်ရှိပေမယ့် ရိန်းစီ နဲ့ CNRP ပါတီ က လူကြိုက်များတဲ့ သင်္ကေတအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။

ရိန်းစီ ကမ္ဘောဒီးယား နိုင်ငံကို ပြန်လာမယ်လို့ အစီအစဉ်ရှိကတည်းက အတိုက်အခံလှုပ်ရှားမှုတွေ လုပ်ဆောင်လာပါတယ်။

CNRP ပါတီရဲ့ ဒုဥက္ကဋ္ဌ မူ ဆိုချူး ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ် ဟော် နမ်ဘိုရာ က ဒေါသတကြီးနဲ့ တုန့်ပြန်ခဲ့ပါတယ်။ ဆိုချူးကလည်း ကမ္ဘောဒီးယားကို ပြန်ပြီး ရိန်းစီကို ထောက်ခံမှုပေးဖို့ လုပ်ဆောင်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးက ဆိုချူးဟာ ဝရမ်းပြေး ဖြစ်တယ်။ သူ့ကို ဖမ်းဆီးပြီး ကမ္ဘောဒီးယားနိုင်ငံကို ပြန်လွှတ်ဖို့ တောင်းဆိုထားတဲ့ စာထုတ်ပြန်ခဲ့ပါတယ်။

တချိန်တည်းမှာ မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ အတိုက်ခံနှစ်ဦးကလည်း ထိုင်းနိုင်ငံကို သွားမယ့် လေယာဉ်ပေါ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့နှစ်ဦးထဲက တစ်ဦးဟာ နိုင်ငံရေးခိုလှုံခွင့် တောင်းထားသူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးအား ကမ္ဘောဒီးယားနိုင်ငံကို ပြန်ပို့ရင် ထောင်ဒဏ်ကျခံရနိုင်ကြောင်း လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့က ဖီ ရောဘတ်ဆင်က ပြောပါတယ်။

MDN
ကိုးကား - AFP