ကမ္ဘာတစ်လွှားက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လက်ရှိအခြေအနေ

အောင်ကျော်ကျော်

 

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးမှုနှုန်း မြင့်တက်လာတဲ့အတွက် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ နိုင်ငံအများစုက ခရီးသွားလာကန့်သတ်မှုတွေကို တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီကပ်ဆိုးကြီးရဲ့ဒဏ်ကို ဘယ်လိုရင်ဆိုင်၊ ခုခံတုံ့ပြန်နေရသလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လက်ရှိဖြစ်ပွားမှု အခြေအနေတွေကို လေ့လာကြည့်ပါစို့။

 

လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ မတ် ၃၁ ရက် ဆေးမှတ်တမ်းအရ ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ရှစ်သိန်းခန့်ရှိပြီး သေဆုံးသူ လေးသောင်းခန့်သို့ ရောက်ရှိလို့နေပါတယ်။

 

ဗိုင်းရပ်စ်ကူးစက်မှု အမြင့်မားဆုံး သုံးနိုင်ငံ

ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်း အမြင့်မားဆုံး သုံးနိုင်ငံကတော့ အမေရိကန်၊ အီတလီနဲ့ စပိန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၅၀၀၀ ရှိပြီး အီတလီနိုင်ငံမှာ ၁၀၂၀၀၀ ရှိပါတယ်။ စပိန်နိုင်ငံမှာတော့ ၈၈၀၀၀ ခန့်ရှိပါတယ်။ သေဆုံးမှု အများဆုံးနိုင်ငံတွေကို ကြည့်မယ်ဆိုရင် အီတလီက ၁၁၅၉၁ ဦးသေဆုံးပြီး စပိန်က ၇၇၁၆ ဦးနဲ့ တရုတ်နိုင်ငံက ၃၃၀၉ ဦးရှိတာကို တွေ့မြင်ရပါတယ်။

 

အမေရိကန်နိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၅၀၀၀ မြင့်တက်လျက်ရှိပြီး သေဆုံးသူ ၃၀၀၀ ကျော် ရှိပါတယ်။ ဒီကူးစက်မှုနှုန်းဟာ တရုတ်နိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်ထက် နှစ်ဆကျော် ရောက်ရှိလာတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက် မှုအရေအတွက် ၈၂၄၀ ရှိပြီး သေဆုံးသူ ၃၃၀၉ ဦးရှိ ပါတယ်။

 

မတ် ၃၀ ရက်မှာ အမေရိကန်ရေတပ်စစ်သင်္ဘော Comfort ဟာ ပြည်သူတွေကို ဆေးဝါးကုသမှုတွေပေးဖို့ မန်ဟန်တန်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေ ပြည့်နေတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံလူနာမဟုတ်တဲ့ အခြားရောဂါသည်တွေကို အဆိုပါ ခုတင် ၁၀၀၀ ဆံ့တဲ့ ရေတပ်သင်္ဘောက ဆေးကုသမှုတွေပေးမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် နယူးယောက်မြို့တော်မှာ ဖွင့်လှစ်ထားတဲ့ လဟာပြင်ဆေးရုံက ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးလျက်ရှိပါတယ်။ နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြို့ငယ်လေးတွေမှာလည်း ဗိုင်းရပ်စ် ကူးစက်မှုနှုန်းတွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ အမေရိကန် ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သတိပေး ထားပါတယ်။

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူတစ်သိန်းကနေ နှစ်သိန်းအကြား ရှိနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကျန်းမာရေးဆိုင်ရာအကြံပေးဖြစ်သူ အန်တိုနီဖာစီက ခန့်မှန်းပြောကြားခဲ့ပါတယ်။ သမ္မတထရမ့်က ဧပြီ ၃၀ ရက်အထိ ပြည်သူတွေကို တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြား ခပ်ခွာခွာနေပေးဖို့ တိုက်တွန်းပြောကြားထားပါတယ်။

 

ဝူဟန်မြို့မှာ လူနာသစ် ထပ်မတွေ့

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဇန်နဝါရီ ၂၃ ရက်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်ထပ်မံမတွေ့ရှိဘူးလို့ တရုတ် ကျန်းမာရေးကော်မရှင်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် မြို့အတွင်းမှာရှိတဲ့ ဈေးဝယ်နေရာတွေမှာ လူစည်ကားလျက် ရှိပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၆၁ ဦးသာ ကျန်ရှိတော့ပါတယ်။ ယခင် စစ်ဆေးတွေ့ရှိခဲ့တဲ့လူနာ ၇၆၀၅၂ ဦးဟာ ကျန်းမာရေး အခြေအနေပြန်လည်ကောင်းမွန်လာတယ်လို့ ကျန်းမာရေး ကော်မရှင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်နေတဲ့ စီးပွားရေးအခြေအနေ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ အနည်းငယ်ထိခိုက်နိုင်ပြီး အလုပ်လက်မဲ့ အရေအတွက် ပိုများတဲ့အတွက် ဆင်းရဲမှုနှုန်းကိုလည်း မြင့်တက်စေမှာဖြစ်တယ်လို့ အရှေ့အာရှပစိဖိတ် ဒေသ စီးပွားရေးပညာရှင် အာဒီယာ မတ်တူးက ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုဂယက်ကြောင့် ဒေသတွင်း စီးပွားရေး တိုးတက်မှုအခြေအနေ ကျဆင်းသွားဖွယ်ရှိတယ်လို့ မတ်တူးက ခန့်မှန်းထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ တရုတ် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၆ ဒသမ ၁ ရာခိုင် နှုန်းကနေ ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ သိရပါတယ်။

 

ဂျပန်မှာ ခရီးသွားလာမှု ပိတ်ပင်မည်မဟုတ်

ဂျပန်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းဟာ တစ်နေ့တခြားမြင့်တက်လာတဲ့အတွက် တိုကျို အုပ်ချုပ်ရေးမှူးက ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကို အရေးပေါ်အခြေအနေ ကြေညာပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း ခရီးသွားလာမှုတွေကို ကန့်သတ်ပေးဖို့ တောင်းဆိုမှုတွေကို အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကပယ်ချခဲ့ပါတယ်။ တိုကျို၊ အိုဆာကာတို့လို မြို့ကြီးတွေမှာ ခရီးသွားလာကန့်သတ်မှုတွေလုပ်မယ်ဆို ကမ္ဘာ့တတိယ စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံအပေါ် ထိခိုက် မှု ဆိုးကျိုးတွေရှိလာနိုင်တယ်လို့ ဂျပန်စီးပွားရေးဝန်ကြီးက သတိပေးပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀၀ နီးပါးရှိလာခဲ့ပြီး သေဆုံးသူ ၅၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

ဗိုင်းရပ်စ်ကူးစက်မှု လျော့ကျလာ

သြစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျ လာတာကို တွေ့ရပါတယ်။ တစ်ပတ်အကြာက ဗိုင်းရပ်စ် ကူးစက်မှုနှုန်း ၂၅-၃၀ ရာခိုင်နှုန်းရှိခဲ့ရာကနေ ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ ကိုးရာခိုင်နှုန်းသာရှိတော့တာကို တွေ့ရှိ ရပါတယ်။

 

နိုင်ငံအတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်တဲ့ အနေနဲ့ နိုင်ငံရပ်ခြားကနေ ပြန်လာတဲ့ဩစတြေးလျ ပြည်သူတွေဟာ သတ်မှတ်ထားတဲ့ ဟိုတယ်တွေမှာ ၁၄ ရက် သီးခြားစောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

 

သြစတြေးလျအစိုးရက နိုင်ငံအတွင်းမှာရှိတဲ့ လုပ်သား ပြည်သူတွေကို လာမယ့် ခြောက်လအထိ လုပ်အားခပေး ဖို့အတွက် ကန်ဒေါ်လာ ၈၀ ဘီလီယံကို သုံးစွဲသွားမယ်လို့ ကြေညာထားပါတယ်။

 

လူလတ်ပိုင်းတွေ ကူးစက်မှုနှုန်းမြင့်မား

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနိုင်ဆုံးသော အသက်အရွယ်ဟာ လူလတ်ပိုင်းအရွယ်တွေဖြစ်တယ်လို့ ဆေးပညာရှင် တွေက ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ တွေအနက် သေဆုံးမှုနှုန်းဟာ ၁ ဒသမ ၃၈ ရာခိုင်နှုန်းရှိပြီး အသက် ၁၀ နှစ်အောက်အရွယ် သေဆုံးမှုနှုန်းဟာ သုည ဒသမ ဝဝ၁၆ ရာခိုင်နှုန်းရှိပါတယ်။ အသက် ၈၀ နဲ့အထက်ကတော့ သေဆုံးမှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

 

မော်စကိုမှာ ခရီးသွားလာမှုတွေ ကန့်သတ်

မတ် ၃၀ ရက်ကစပြီး မော်စကိုမြို့အပါအဝင်ဒေသ အများစုမှာ ခရီးသွားလာမှုတွေကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈၃၆ ဦးရှိပြီး ကိုးဦးသေဆုံးခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၇ ဦး စစ်ဆေးတွေ့ရှိရပါတယ်။ ဒါကြောင့် မြို့တော် အဘူဂျာနဲ့ လာဂျိစ်မြို့တွေမှာ ခရီးသွားလာမှုတွေကို မတ် ၃၀ ရက်ကစပြီး အနည်းဆုံး ၁၄ ရက်ကြာ ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

 

ကမ္ဘာ့နိုင်ငံနဲ့ဒေသပေါင်း ၈၀ နီးပါးမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ကာကွယ်ဖို့ ခရီးသွားလာမှုတွေကို ကန့်သတ်ထား ပါတယ်။ ဒါကြောင့် ၃ ဒသမ ၄ ဘီလီယံကျော် (ကမ္ဘာ့လူဦးရေ ၄၃ ရာခိုင်နှုန်းဝန်းကျင်) ပြည်သူတွေဟာ နေအိမ်အတွင်းမှာပဲနေထိုင်ပြီး ကပ်ဆိုးကြီးရဲ့ လွန်မြောက်မယ့်အချိန်ကို စောင့်မျှော်နေကြပါတယ်။

 

နှာခေါင်းစည်းတွေ မှာယူထား

ပြင်သစ်နိုင်ငံက နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ဖို့ နှာခေါင်းစည်းတွေကို တရုတ်နိုင်ငံကနေ ဆက်လက် မှာယူလျက်ရှိပါတယ်။ တရုတ်နိုင်ငံကနေ တင်ပို့လိုက်တဲ့ နှာခေါင်းစည်းတွေကို ပြင်သစ်အစိုးရက မတ် ၂၉ ရက်မှာ လက်ခံရရှိခဲ့ပါတယ်။ ဒါ့အပြင် လာမည့်နှစ်ပတ်အတွင်း နှာခေါင်းစည်း တစ်ဘီလီယံခန့်ကို လက်ခံရရှိဖို့ ပြင်သစ်အစိုးရက ဆက်လက်မှာယူထားပါတယ်။

 

ဗိုင်းရပ်စ်တိုက်ဖျက်ရာမှာ အသုံးဝင်တဲ့ ငှက်ဖျားပျောက်ဆေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရာမှာ ငှက်ဖျားပျောက်ဆေးဖြစ်တဲ့ ကိုလိုရိုကျိုင်းဟာ ထိရောက်မှုရှိတယ်လို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနက ဆိုပါတယ်။ ဒါပေမယ့် ပြည်သူတွေကြားမှာ အဆိုပါဆေးဝါး ပြတ်လပ်နေတယ်လို့ သိရပါတယ်။

 

လောင်စာဆီတွေ ဈေးကျလာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေချိန်မှာ အာရှကုန်သွယ်ရေးဈေးကွက်မှာ လောင်စာဆီဈေးတွေ အဆမတန် ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒီလိုကျဆင်းလာတာဟာ ၁၇ နှစ်အတွင်းမှာ ပထမဆုံးကျဆင်းမှုပဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စံသတ်မှတ်ချက်တစ်ခုဖြစ်တဲ့ The US benchmark West Texas Intermediate ရေနံဈေးဟာ ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး နိုင်ငံတကာစံအဖြစ် သတ်မှတ်ထားတဲ့ Brent ရေနံဈေးဟာ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိကို ကျဆင်းသွားပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ပြည်သူတွေရဲ့ လူနေမှုဘဝတွေဟာ နောက်ခြောက်လအထိတိုင်အောင် နဂိုပုံမှန်အတိုင်း မဖြစ်နိုင်သေး ဘူးလို့ ဗြိတိန်ဆေးပညာရှင် ဂျင်နီဟာရီစ်က  ဆိုပါတယ်။ နိုင်ငံအတွင်းမှာ အရေးပေါ်ထုတ်ပြန်ချက်တွေကို စောစောစီးစီး ရုပ်သိမ်းလိုက်မယ်ဆိုရင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်ပြီးဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ဟာရီစ်က ခန့်မှန်းပြောကြား ထားပါတယ်။

 

စည်းကမ်းဖောက်ဖျက်သူကို ထောင်ဒဏ်ချမှတ်

ဟောင်ကောင်အစိုးရက ချမှတ်ထားတဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တဲ့ နိုင်ငံသားသုံးဦးကို ထောင်ဒဏ်အပြစ်ပေးပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။ ဟောင်ကောင်မှာ ဗိုင်းရပ်စ်တိုက်ဖျက် ရေးနဲ့ ပတ်သက်ပြီး ဒီလို ထောင်ဒဏ်ချမှတ်အရေးယူတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ အိမ်လိပ်စာ မှားပြောတဲ့ အိမ်ရာမဲ့တစ်ဦးကို ထောင်ဒဏ်သုံးလချမှတ်ပြီး ကျန်နှစ်ဦးကို ရမန်ကြီးခြောက်ပတ်နဲ့ ၁၀ ရက်ခန့် အသီးသီး ချမှတ်ခဲ့ပါတယ်။    ။