နေပြည်တော် အောက်တိုဘာ ၂၄
၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီရာချာ မြို့ရှိ Pacific Hall, Pacific Park Si Racha တွင် ကျင်းပမည့် Teqball Tour Si Racha 2026 ပြိုင်ပွဲ၌ မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမိုးကျော် ဦးဆောင်သည့် မြန်မာ့တက်ဂ်ဘော လက်ရွေးစင်အသင်းသည် Men’s Singles ၊ Women’s Singles၊Mixed Doubles ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါပြိုင်ပွဲများသို့ မြန်မာအသင်းအပါအဝင် တက်ဂ်ဘော အားကစားနည်းကိုစတင် တီထွင်ခဲ့သည့်ဟန်ဂေရီနိုင်ငံ၊ ကမ္ဘာ့တက်ဂ်ဘောအားကစားတွင် ထိပ်သီးနိုင်ငံများဖြစ်သည့် ရိုမေးနီးယား၊ ပိုလန်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့အပြင် အာရှဒေသ၏ ကမ္ဘာ့ထိပ်သီး ထိုင်း၊ အီရတ်၊ ကူဝိတ်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယတို့အပါအဝင် နိုင်ငံများမှ ထိပ်တန်းကစားသမားများစွာ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ယနေ့ ပထမပြိုင်ပွဲအဖြစ် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ်တွင် မြန်မာအသင်းမှ အားကစားသမားများဖြစ်ကြသည့် ဆုမွန်အောင် (သားသား)က ယူကရိန်းအားကစား သမားနှင့်လည်းကောင်း၊ ဖြူဖြူသန်း (သန်းသန်း) က ဘရာဇီးအားကစားသမားနှင့် လည်းကောင်း၊ နံနက် ၈ နာရီ မိနစ် ၅၀ တွင် ခင်နှင်းဝေ(အာနိုး)က ထိုင်းအားကစားသမားနှင့်လည်းကောင်း စတင်ယှဉ်ပြိုင်ခဲ့သည်။
ဆက်လက်ယှဉ်ပြိုင်
ဆက်လက်၍ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဆုမွန်အောင်(သားသား)က ချက်နိုင်ငံ အားကစားသမားနှင့်လည်းကောင်း၊ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ဖြူဖြူသန်း (သန်းသန်း)က အီရတ်အားကစားသမားနှင့် လည်းကောင်း၊ ခင်နှင်းဝေ(အာနိုး)က ရုရှား နိုင်ငံမှ အားကစားသမားနှင့်လည်းကောင်း ဒုတိယပွဲစဉ်အား ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသမီးတစ်ဦးချင်း ဒုတိယပြိုင်ပွဲ ပွဲစဉ်အဖြစ် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ဆုမွန်အောင် (သားသား)က ရိုမေးနီးယား အားကစားသမားနှင့်လည်း ကောင်း၊ မွန်းလွဲ ၂ နာရီတွင် ခင်နှင်းဝေ(အာနိုး)က ဂျပန်အားကစားသမားနှင့်လည်းကောင်း၊ ဖြူဖြူသန်း(သန်းသန်း)က ပြင်သစ်အားကစား သမားနှင့်လည်းကောင်း၊ ခင်နှင်းဝေ(အာနိုး)က ရုရှားအားကစားသမားနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ့တက်ဂ်ဘော လက်ရွေးစင်အသင်း အနေဖြင့် Teqball Tour Si Racha 2026 ပြိုင်ပွဲ သည် FITEQ Teqball Tour ပြိုင်ပွဲကြီးဖြစ်၍ World Ranking မြင့်သည့် ကမ္ဘာ့ထိပ်သီးနိုင်ငံ များမှ အားကစားသမားများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရသော်လည်း ရလဒ်ကောင်းများ ရရှိအောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


