ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် အပြာရောင်မီးများ ထွန်းညှိ

ရန်ကုန် စက်တင်ဘာ ၂၄

 

ရန်ကုန်မြို့ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံး၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းရုံး၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများနှင့် ဆိုက်ကပ်ထားသော သင်္ဘောများတွင် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် အပြာရောင် မီးများကို ယနေ့ညပိုင်းတွင် ထွန်းညှိခဲ့ကြောင်း သိရသည်။

 

ကမ္ဘာ့ ပင်လယ်ရေကြောင်းနေ့ကို နှစ်စဉ် စက်တင်ဘာလ နောက်ဆုံးပတ်၏ ကြာသပတေးနေ့တွင် ကမ္ဘာတစ်ဝန်း ကျင်းပလေ့ရှိသည်။

 

၂၀၂၆ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနား (World Maritime Day 2026) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ၂၀၂၅ ခုနှစ်အတွင်း မြန်မာသင်္ဘောသားများကို အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ရှာဖွေပေးနိုင်သည့် သင်္ဘောသားစုဆောင်းခြင်းနှင့် အလုပ်အကိုင် နေရာချထားခြင်း ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း (SRPS) ကုမ္ပဏီ သုံးခုကို ဂုဏ်ပြုဆုများ ပေးအပ်သည်။

 

အဆိုပါအခမ်းအနားတွင် ဒုတိယ ဝန်ကြီး ဦးထွန်းလူက အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) အနေဖြင့် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့အတွက် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့၏ ဆောင်ပုဒ်ကို “ရေကြောင်းကဏ္ဍ မြှင့်တင်ဖို့ - မူဝါဒမှ လက်တွေ့သို့” (From Policy to Practice: Powering Maritime Excellence) ဟု သတ်မှတ်ထားကြောင်း၊ ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ ဆောင်ပုဒ်သည် ကုန်သွယ်မှု တိုးချဲ့ခြင်း၊ ဆက်သွယ်ချိတ်ဆက်မှု ကောင်းမွန်ခြင်း၊ အလုပ်အကိုင်ကောင်းများ ဖန်တီးခြင်းနှင့် အဏ္ဏဝါပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်းတို့ဖြင့် ကုလသမဂ္ဂ၏ (၂၀၃၀ ) ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်ကို အထောက် အကူပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ထို့အတူ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ၂၀၂၆ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အတွက် “မူဝါဒမှ လက်တွေ့သို့” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ရေကြောင်းကဏ္ဍအား ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ ဆွေးနွေးပွဲ၊ ကမ်းရိုးတန်းသင်္ဘောများအတွက် Collective Bargaining  Agreement ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်္ဘောသား အလုပ်အကိုင် အခွင့်အလမ်း တိုးတက် ရရှိရေးဆိုင်ရာ ဆွေးနွေးပွဲတို့ကို ကျင်းပခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်