ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အကြိုဂုဏ်ပြုဆောင်းပါး

သိဉာဏ်မြင့်မား နှလုံးစွမ်းအား
 

ဒေါက်တာနွယ်နွယ်
ပါမောက္ခ/ဌာနမှူး၊ နှလုံးဆေးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့သည် ကမ္ဘာ့ နှလုံးကျန်းမာရေးနေ့ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့အတွက် ကမ္ဘာ့နှလုံးကျန်းမာရေးအဖွဲ့ ချုပ်၏ ဆောင်ပုဒ်မှာသိဉာဏ်မြင့်မား နှလုံးစွမ်းအား” (Use Heart to Beat Cardiovascular Diseases) ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာနှင့်တစ်လွှား နှလုံး ကျန်းမာရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ၁၇ ဒသမ ၉ သန်းသည် နှလုံးသွေးကြောရောဂါနှင့် ဦးနှောက်လေဖြတ် ခြင်းတို့ကြောင့် သေဆုံးနေရပါသည်။


ကမ္ဘာ့နှလုံးကျန်းမာရေးနေ့သည် ကမ္ဘာတစ်ဝန်းရှိ အများပြည်သူများအားနှလုံးသွေးကြောရောဂါသည် သေဆုံးမှုအများစု၏ အကြောင်းရင်းဖြစ်ကြောင်းသတိထားမိစေရန် ထိရောက်စွာသတိပေးသည့် နေ့တစ်နေ့ လည်း ဖြစ်ပါသည်။ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နှလုံးသွေးကြော နှင့် ဦးနှောက်လေဖြတ်ခြင်းရောဂါ ဖြစ်စေနိုင်သော အကြောင်းရင်းများကို ထိန်းချုပ်ခြင်းဖြင့် နှလုံးရောဂါ နှင့် ဦးနှောက်လေဖြတ်ခြင်းတို့ကြောင့် အရွယ်မတိုင်မီ အသက်ဆုံးရှုံးမှုကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင် ကြောင်း အများပြည်သူများအား အသိပညာပေးလိုခြင်း ဖြစ်ပါသည်။
ထို့အပြင် မကူးစက်နိုင်သောရောဂါ (Non-communicable Diseases) များကြောင့် အသက်ဆုံးရှုံး ရခြင်းကို ၂၀၂၅ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းလျှော့ချရန် ကမ္ဘာတစ်ဝန်း ကြိုးပမ်းမှုတွင် မြန်မာနိုင်ငံသည်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ နှလုံးကျန်းမာရေးအတွက် မိမိအသိ ဉာဏ်ဖြင့် နေ့စဉ်ပြုမူဆောင်ရွက်နေသည်များကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်ခြင်းဖြင့် အသက်ရှည်၍ ပိုပြီးကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။


ယခုလက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေ သောကာလတွင် ကြိုတင်မျှော်လင့်မထားသော အခြေ အနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အနာဂတ်အခြေ အနေကို ကြိုတင်မှန်းဆ၍ မရသော်လည်း မိမိတို့၏ နှလုံးကျန်းမာရေးအတွက် ယခင်ကထက်ပင် ပိုမိုဂရုစိုက် ရန်လိုအပ်ကြောင်း နှလုံးသွင်းထားရမည်ဖြစ်ပါသည်။
ကိုဗစ်-၁၉ ကြောင့် ရုတ်တရက် အသက်ရှူလမ်း ကြောင်းရောဂါ ဖြစ်ပွားသော အချိန်ကာလအတွင်း နှလုံး နှင့် နှလုံးသွေးကြောရောဂါဝေဒနာရှင်များသည် တစ်ပြိုင် နက် အန္တရာယ်နှစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေပါ သည်။ နှလုံးသွေးကြောရောဂါရှင်များတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါ လက္ခဏာများ ခံစားရနိုင်သည့်အပြင် ဤကာလ၌ မိမိတွင်ရှိနေသော နှလုံးနှင့်နှလုံးသွေးကြောရောဂါများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် အခက်အခဲ များ ရှိနေနိုင်ပါသည်။


နှလုံးသွေးကြောရောဂါနှင့် ဦးနှောက်လေဖြတ်ခြင်း ကို ဖြစ်စေနိုင်သော အဓိကကျသည့် အကြောင်းရင်းများမှာ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါနှင့် လေထုညစ်ညမ်းခြင်း စသည်တို့ ဖြစ်ပါသည်။


သွေးတွင်းသကြားဓာတ် မြင့်တက်နေခြင်းသည် ဆီးချိုသွေးချိုရောဂါ ရှိနေကြောင်း ညွှန်းဆိုသည်။ ထိုရောဂါ ဝေဒနာရှင်အများစုသည် နှလုံးသွေးကြောရောဂါဖြင့် အသက်ဆုံးရှုံးကြရသည်။ ဆီးချိုသွေးချိုရောဂါ ရှိကြောင်း မသိလျှင်၊ သိပြီး မကုဘဲ ထားမိလျှင် နှလုံးသွေးကြောရောဂါ နှင့် လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။


သွေးတိုးခြင်းသည် နှလုံးသွေးကြောရောဂါ ဖြစ်စေ သော အဓိကတရားခံ ဖြစ်သည်။ ရောဂါလက္ခဏာ မပြ သည့်အတွက် သင့်တွင် သွေးတိုးရောဂါရှိနေကြောင်းကို သတိမထားမိဘဲ ဖြစ်နေတတ်သည်။
သွေးတွင်းအဆီဓာတ် (ကိုလက်စထရော) များခြင်း ကြောင့် တစ်နှစ်လျှင် လူလေးသန်းခန့် အသက်ဆုံးရှုံးကြရ သည်။ သွေးတွင်း အဆီဓာတ်၊ ကိုယ်အလေးချိန်နှင့် ခန္ဓာ ကိုယ်အညွှန်းကိန်းတို့ကို တိုင်းတာစစ်ဆေးပြီး သင့်တွင် နှလုံးရောဂါ ဖြစ်နိုင်ခြေရှိ၊ မရှိကို တတ်ကျွမ်းသော ဆရာဝန် နှင့် တိုင်ပင်၍ အကြံပြုချက်များကို ရယူသင့်ပါသည်။


သို့ဖြစ်၍ နှလုံးကျန်းမာရေးအတွက် မိမိအသိ ဉာဏ်ဖြင့် ကောင်းမွန်မှန်ကန်စွာ ရွေးချယ်လိုက်နာနေထိုင် သင့်ပါသည်။

 နှလုံးကျန်းမာရေး ကောင်းမွန်ရန်အတွက် အစားအစာ ကို သေချာစွာ ရွေးချယ် စားသုံးပါ


အချိုဓာတ်များသော ဖျော်ရည်များနှင့် အသီး ဖျော်ရည်များအစား ရိုးရိုးရေနှင့် အချိုဓာတ်နည်း သော ဖျော်ရည်များကို ရွေးချယ်ပါ။


အချိုဓာတ်များသော သရေစာများအစား လတ်ဆတ်သော အသီးအနှံများကို အစားထိုး စားသုံးပါ။


လက်တစ်ဆုပ်စာ အသီးအနှံ သို့မဟုတ် ဟင်းသီး ဟင်းရွက်များကို တစ်နေ့ ငါးကြိမ် စားသုံးပါ။ (လတ်လတ်ဆတ်ဆတ် သို့မဟုတ် အအေးခံ ထားသော အသီးအနှံများနှင့် စည်သွတ်ဘူးများ၊ အခြောက်ခံထားသော အသီးအနှံများကို စားသုံး နိုင်ပါသည်)


အရက်သေစာများကို ရှောင်ကြဉ်သင့်ပါသည်၊၊ သောက်သုံးပါက ချင့်ချိန်၍ သောက်သုံးပါ။


သကြား၊ ဆားနှင့် အဆီဓာတ်များစွာ ပါဝင်သည့် အသင့်စားသုံးရန် ပြင်ဆင်ထားသော အစား အစာများ စားသုံးခြင်းကို လျှော့ချပါ။


ကျောင်း သို့မဟုတ် အလုပ်တွင် စားသုံးမည့် နေ့လယ်စာကို ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ် ပြင်ဆင်ပါ။


နှလုံးကျန်းမာရေးအတွက် လှုပ်ရှားတက်ကြွစွာ နေထိုင်ပါ


တစ်နေ့လျှင် နာရီဝက်၊ တစ်ပတ်လျှင် ငါးရက်၊ အတန်အသင့် ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ပါ။


သို့မဟုတ် ပြင်းထန်သော လေ့ကျင့်ခန်းများကို တစ်ပတ်အတွင်း ၇၅ မိနစ်ခန့် ကြာအောင် အချိန်ခွဲ၍ ပြုလုပ်ပါ။


ပြေးလွှားကစားခြင်း၊ လမ်းလျှောက်ခြင်း၊ အိမ်မှု ကိစ္စများ ပြုလုပ်ခြင်းနှင့် ကခုန်ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။


နေ့စဉ် နေ့တိုင်း တက်ကြွစွာ နေထိုင်ပါ။ ဓာတ် လှေကားအစား လှေကားကို အသုံးပြုပါ။ ကားမောင်းသွားမည့်အစား လမ်းလျှောက်သွား ပါ။ စက်ဘီးစီးပါ။


အသွားအလာ ကန့်သတ်ထားသော အချိန် ကာလများတွင် အိမ်၌ မိမိ၏ မိသားစုနှင့်အတူ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပါ။


လေ့ကျင့်ခန်း အစီအစဉ်များ၊ လမ်းလျှောက်နှုန်း တိုင်းသော မီတာများကို ရယူအသုံးပြုခြင်းဖြင့် မိမိ၏ လေ့ကျင့်မှုအတိုင်းအတာ တိုးတက်မှုကို သိရှိနိုင်ပါသည်။


နှလုံးကျန်းမာရေးအတွက် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။


ဆေးလိပ်မသောက်ခြင်းသည် သင့်ကျန်းမာ ရေး ကောင်းမွန်စေရန် အထောက်အကူပြု သည်။


ဆေးလိပ်ဖြတ်ပြီး နှစ်နှစ်အတွင်းတွင် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေသည် သိသာစွာ ကျဆင်းနိုင်ပါသည်။


ဆေးလိပ်ဖြတ်ပြီး ၁၅ နှစ် အကြာတွင် ဆေးလိပ်မသောက်သူများနှင့် တန်းတူ ဖြစ်လာနိုင်ပါသည်။


တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိသော သူများ တွင်လည်း နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ပါ သည်၊


ထို့ကြောင့် ဆေးလိပ်ဖြတ်ခြင်း / ဆေးလိပ် မသောက်ခြင်းတို့သည် သင့်ကျန်းမာရေး အတွက် သာမက သင့်ပတ်ဝန်းကျင်ရှိလူများ ၏ ကျန်းမာရေးအတွက်ပါ အထောက်အကူ ဖြစ်စေပါသည်။လိုအပ်ပါက ဆေးလိပ်ဖြတ်ရန် အတွက် ကျွမ်းကျင်သော ဆရာဝန်များထံမှ အကြံဉာဏ်ကောင်းများ ရယူပါ။


သင်နှင့် သင်ချစ်သော ပတ်ဝန်းကျင်ကို ဂရုစိုက်ပါ
ကိုဗစ်-၁၉ ရောဂါသည် အချင်းချင်း ဖေးမကူညီ စောင့်ရှောက်ခြင်း၏ အနှစ်သာရနှင့် အရေးကြီးပုံကို မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ်သည်။ မိမိ၊ မိမိ၏ မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် လူသားထုတစ်ရပ်လုံးသည် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်မှန်ကန်သော အလေ့အကျင့်များကို ပြုစုပျိုးထောင်ရမည်ဖြစ်ပါသည်။


နှလုံးကျန်းမာရေးအတွက် သင့်ကိုယ်သင် ဂရုစိုက်ပါ။
ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများကို မှန်မှန် ဆောင်ရွက်ပါ။ ကျန်းမာရေး ချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်လျှင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူပါ။ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်းသည် ဘေးကင်းလုံခြုံပြီး ကျန်းမာရေးဝန်ထမ်းများက သင့်ကို ကူညီရန် အဆင်သင့်ရှိနေပါသည်။


လူသားတိုင်း မိမိနှလုံးကျန်းမာရေးကို အသိဉာဏ် မြင့်မားစွာဖြင့် စောင့်ရှောက်နိုင်ကြပါစေ။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို ဂုဏ်ပြုကြိုဆို ရေးသားလိုက်ရပါသည်။

 

်‌ေိ‌ေိ