ကမ္ဘာမြေနှင့်လူသားများသာယာဝပြောဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) ကကြီးမှူး၍ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှ ၁၉ ရက်အထိ ကမ္ဘာ့စာတတ်မြောက်ရေးညီလာခံကို ၁၂ ရက်ကြာကျင်းပခဲ့ရာ ကမ္ဘာ့နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါညီလာခံက လူတိုင်း လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စာတတ်မြောက်ရေးသည် လွန်စွာအရေးကြီးသည့်အလျောက် စာမတတ်သူပပျောက်ရေး ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြကာ စက်တင်ဘာ ၈ ရက်ကိုလည်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် ယူနက်စ်ကိုက ၁၉၆၆ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 

မျက်မှောက်ကာလ ကမ္ဘာတစ်ဝန်းတွင် အခြေခံစာဖတ်၊ စာရေးနိုင်စွမ်းမရှိသည့် အရွယ်ရောက်သူဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၇၃၉ သန်းခန့်ရှိနေသည်ဟု ယူနက်စ်ကိုက ထုတ်ပြန်ထားသည်။ အဆိုပါစာမတတ်သူဦးရေ၏ သုံးပုံနှစ်ပုံခန့်မှာ အမျိုးသမီးများဖြစ်ကြပြီး ကမ္ဘာ့လူဦးရေအများဆုံးဒေသများဖြစ်သည့် တောင်အာရှနှင့် အာဖရိက ဆာဟာရဒေသများတွင် စာမတတ်သူအများဆုံးရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးစာတတ်မြောက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့် အထက်လူဦးရေ၏ ၉၁ ရာခိုင်နှုန်းခန့် စာတတ်မြောက်ကြပြီး စာမတတ်သူ ၉ ရာခိုင်နှုန်းခန့်သို့ လျော့ကျလာသည်။ စာမတတ်သူ အများစုမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်ကြပြီး ဆင်းရဲနွမ်းပါးမှုနှင့် စာသင်ကြားနိုင်ရန် အခွင့်အလမ်းများကို လက်လှမ်းမမီမှုများမှာ အဓိကအကြောင်းရင်းများဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းလုံးတွင်ရှိနေသော လူသားတိုင်း စာတတ်မြောက်ရန်နှင့် စာတတ်မြောက်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်အနေဖြင့် အရေးကြီးကြောင်းကို လူတိုင်းသတိပြုမိကြစေရန်ရည်ရွယ်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ (International Literacy Day) ကို ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် အကြိမ် ၆ဝ မြောက်အခါသမယသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်မှာ “Literacy for People, the Planet and Prosperity” “ကမ္ဘာမြေနှင့်လူသားများ သာယာဝပြောဖို့၊ စာတတ်မြောက်ရေးမြှင့်တင်စို့” ဟူ၍ဖြစ်သည်။ အဆိုပါဆောင်ပုဒ်၏ရည်ရွယ်ချက်မှာ လူမှုအသိုက်အဝန်းအတွင်း အားလုံးပါဝင်နိုင်ခွင့်ကိုမြှင့်တင်ရန်၊ ရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်နိုင်ရန်နှင့် စီးပွားရေးအခွင့်အလမ်းများ တိုးတက်ကျယ်ပြန့်လာစေရန်တို့အတွက် စာတတ်မြောက်ခြင်း၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခြင်းပင်ဖြစ်သည်။

 

စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းစီ၏ဘဝနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးတို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိစေသည့် အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ စာတတ်မြောက်သူသည် ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ပြီး မိသားစုဝင်ငွေကို မြှင့်တင်နိုင်ကြသည်။ မိမိအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ချမှတ်နိုင်ပြီး လိမ်လည်လှည့်ဖြားခံရမှုများ ကင်းဝေးစေသည်။ စာအုပ်စာပေများဖတ်ရှုနိုင်ပြီး ယနေ့ခေတ် ဒီဂျစ်တယ်နည်းပညာများကို ကောင်းစွာအသုံးပြုနိုင်သည်။ ကျန်းမာရေးအသိပညာမြင့်မားလာနိုင်ခြင်း၊ ရောဂါဘယများကို ကြိုတင်ကာကွယ်နိုင်ခြင်းအကျိုးရလဒ်များ ရရှိလာနိုင်သည်။

 

နိုင်ငံတစ်နိုင်ငံ လူ့အဖွဲ့အစည်းတစ်ရပ်တွင် စာတတ်မြောက်မှုနှုန်းမြင့်မားလာခြင်းက နိုင်ငံတွင် အမြစ်တွယ်နေသည့် ဆင်းရဲနွမ်းပါးမှုကို ဖြတ်တောက်ပေးနိုင်သည်။ စာတတ်မြောက်သည့် နိုင်ငံသားများသည် မိမိ၏ရပိုင်ခွင့်နှင့် နိုင်ငံသားတာဝန်တို့ကို မှန်ကန်စွာသိရှိနားလည်နိုင်ပြီး နိုင်ငံ့အရေးအရာတို့တွင် နိုင်ငံသားကောင်းတစ်ယောက်အဖြစ် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာနိုင်ကြသည်။ အမျိုးသမီးများ၊ မိန်းကလေးငယ်များ စာတတ်မြောက်ပါက ၎င်းတို့၏လူမှုစီးပွားဘဝကိုမြှင့်တင်ပေးနိုင်ပြီး လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုကိုဖြစ်စေသည်။

 

စာတတ်မြောက်ပြီး ကျွမ်းကျင်မှုရှိသည့် လုပ်သားထုသည် လုပ်ငန်းခွင်များတွင် ကုန်ထုတ်လုပ်မှုကို ပိုမိုတိုးတက်လာစေပြီး တိုင်းပြည်တွင် စာတတ်မြောက်မှုနှုန်းမြင့်မားခြင်းက ကုလသမဂ္ဂက ချမှတ်ထားသော ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို အောင်မြင်စွာရောက်ရှိနိုင်အောင် စွမ်းဆောင်နိုင်စေသည်။ သို့ဖြစ်ရာ စာတတ်မြောက်ခြင်းက လူတစ်ဦးကို အမှောင်မှအလင်းသို့ဆောင်ကြဉ်းပေးကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်သလို နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်လည်း အဓိကမောင်းနှင်စွမ်းအားကို ဖြစ်ပေါ်စေသည်။

 

 

သို့ဖြစ်ရာ စာတတ်မြောက်မှုနှုန်း ပိုမိုမြင့်မားလာစေရေးအတွက် အခြေခံပညာရေးအခွင့်အလမ်းများကို အားလုံးလက်လှမ်းမီရေးဆောင်ရွက်ပေးကြရမည်ဖြစ်သကဲ့သို့ ကျောင်းပြင်ပနှင့် သက်ကြီးစာတတ်မြောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဒီဂျစ်တယ်နည်းပညာများအသုံးပြုရေးနှင့် လူထုလှုပ်ရှားမှု လုပ်အားပေးအစီအစဉ်များ ဖော်ဆောင်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။