ကမ္ဘာမြေပြင်၏အထက် ခြောက်မိုင်မှ ၃၁ မိုင်အတွင်း ကမ္ဘာ့လေထု၏ ဒုတိယအလွှာတွင် သဘာဝအလျောက်ဖြစ်ပေါ်နေသော အိုဇုန်းလွှာရှိသည်။ အဆိုပါအိုဇုန်းလွှာသည် နေရောင်ခြည်နှင့်အတူ ပါလာသော ခရမ်းလွန်ရောင်ခြည်သုံးမျိုးအနက် လူနှင့် သက်ရှိများအား အန္တရာယ်ဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည် UV-B ကို ၉၅ ရာခိုင်နှုန်းအထိလည်းကောင်း၊ UV-C ကို ၁၀၀ ရာခိုင်နှုန်းအထိလည်းကောင်း စုပ်ယူစစ်ထုတ်ပေးနေသည့် သဘာဝအကာအကွယ်တစ်ရပ်အဖြစ် သက်ရှိလူသားများကို အကျိုးပြုလျက်ရှိသည်။
အိုဇုန်းလွှာသည် အောက်ဆီဂျင်အက်တမ်သုံးခုပါဝင်သည့် မော်လီကျူးတစ်ခုဖြစ်ပြီး အပြာရောင်ဖျော့ဖျော့ရှိ၍ အနံ့ပြင်းသောဓာတ်ငွေ့ဖြစ်သည်။ အိုဇုန်းလွှာသည် သက်ရှိလူသားများအား အကျိုးပြုလျက်ရှိသော်လည်း ကမ္ဘာမြေပေါ်တွင်ရှိပါက လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။ အိုဇုန်းလွှာသည် ကမ္ဘာမြေခြောက်မိုင်အထက်တွင်ရှိပါက သက်ရှိလူသားများအား အကျိုးပြုပြီး ခြောက်မိုင်အောက် ကမ္ဘာမြေပြင်အထက်တွင်ရှိပါက သက်ရှိလူသားများအား အန္တရာယ်ပေးနိုင်သည်ကို သတိမမူမိကြပေ။ စက်ရုံအလုပ်ရုံများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများ၊ မော်တော်ယာဉ်များမှထုတ်လွှတ်သည့် ဓာတ်ငွေ့များတွင် အဓိကပါဝင်သည့် နိုက်ထရိုဂျင်အောက်ဆိုက်များ၊ အငွေ့ပြန်လွယ်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများသည် နေရောင်ခြည်နှင့်ဓာတ်ပြုပြီး ကမ္ဘာမြေပြင်မှ ငါးမိုင်အတွင်း တည်ရှိနေသည်။
လူနှင့်သက်ရှိတို့ကို ခရမ်းလွန်ရောင်ခြည်မှ အကာအကွယ်ပေးနေသော အိုဇုန်းလွှာသည် လူတို့အသုံးပြုနေကြသော ရေခဲသေတ္တာနှင့် လေအေးပေးစက်များတွင် အများဆုံးအသုံးပြုသည့် ကလိုရင်း၊ ဖလိုရင်းနှင့် ကာဗွန်တို့ပါဝင်သော ကလိုရိုဖလူရိုကာဗွန်ဒြပ်ပေါင်းများကြောင့် ပျက်စီးကြောင်းကို ၁၉၇၄ ခုနှစ်တွင် သိပ္ပံပညာရှင်များက စတင်တွေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် ကလိုရင်း၊ ဖလိုရင်းအပြင် ဘရိုမင်းပါဝင်သော ဒြပ်ပေါင်းပစ္စည်းများလည်း အိုဇုန်းလွှာကို ပျက်စီးစေနိုင်ကြောင်း ဆက်လက်တွေ့ရှိခဲ့သည်။ အိုဇုန်းလွှာ၏ အနိမ့်ဆုံးပျမ်းမျှအထူမှာ ၂ ဒသမ ၂ မီလီမီတာဖြစ်ပြီး ၎င်းထက် လျော့နည်းလာခြင်းကို အိုဇုန်းလွှာပျက်စီးခြင်း သို့မဟုတ် အိုဇုန်းလွှာပေါက်ပြဲခြင်းဟုခေါ်သည်။ ၁၉၈၅ ခုနှစ်တွင် သိပ္ပံပညာရှင်များက ကမ္ဘာ့ပထမဆုံး အိုဇုန်းလွှာအပေါက်ကို အန္တာတိကတိုက်အပေါ်တွင် စတင်တွေ့ရှိခဲ့သည်။
အိုဇုန်းလွှာပျက်စီးခြင်းကြောင့် အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲခြင်းနှင့် ကိုယ်ခံအားကျဆင်းမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် သီးနှံအထွက်နှုန်းကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ်ပျက်စီးမှုနှင့် ရုပ်ဝတ္ထုများ ယိုယွင်းပျက်စီးစေနိုင်သည်။ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကြောင့် ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် လူဦးရေ နှစ်သန်းမှ သုံးသန်းအထိ အရေပြားကင်ဆာဖြစ်ပွားလျက်ရှိပြီး နှစ်စဉ် ခန့်မှန်းလူဦးရေ ၆၆၀၀၀ ခန့် သေဆုံးလျက်ရှိကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီရင်ခံစာအရ သိရသည်။ ၎င်းအပြင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းအများစုသည် ကမ္ဘာကြီးပူနွေးမှု အညွှန်းကိန်းမြင့်မားပြီး အင်အားကြီးသော မှန်လုံအိမ်ဓာတ်ငွေ့ဖြစ်လာသောကြောင့် အိုဇုန်းလွှာကို ပျက်စီးစေသောဒြပ်ပစ္စည်းများ အလွန်အကျွံအသုံးပြုခြင်းသည် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသော အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။
ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးတွင် အလွန်ပြင်းထန်သည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရသည်ကို မကြာခဏတွေ့မြင်ကြရမည်ဖြစ်သည်။ အိုဇုန်းလွှာပျက်စီးခြင်းကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အတည်ပြုချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ သို့သော် ကမ္ဘာပေါ်တွင် တစ်နေ့တခြား လူဦးရေတိုးပွားလာမှုနှင့်အတူ ခေတ်မီတိုးတက်လာသည်နှင့်အမျှ အိုဇုန်းလွှာပျက်စီးစေသော အသုံးအဆောင်ပစ္စည်းများကို ပိုမိုအသုံးပြုလာကြရာ ကမ္ဘာကြီးပူနွေးမှု ပိုမိုများပြားလာပြီး သက်ရှိလူသားများ ပျက်စီးစေသည့် အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်လာရသည်။
ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၂၀၁၉-၂၀၂၀ ခုနှစ်မှစတင်၍လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၂၉ ခုနှစ်မှစတင်၍လည်းကောင်း အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများကိုလျှော့ချခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ထိန်းချုပ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းကိုပါ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ဖြစ်ရာ အိုဇုန်းလွှာပျက်စီးစေခြင်းကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နိုင်ငံအစိုးရများက ကြိုးပမ်းဆောင်ရွက်နေကြသလို ကမ္ဘာပေါ်ရှိ ပြည်သူများအနေဖြင့်လည်း သက်ရှိလူသားများကို အန္တရာယ်ပြုခြိမ်းခြောက်နေသော အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများအသုံးပြုမှုကို အသိတရားဖြင့် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။


