သန်းလွင် (ဘူမိ)
(ယမန်နေ့မှအဆက်)
စစ်ကိုင်းပြတ်ရွေ့အဆစ်အပိုင်းအလိုက် အတိတ် ငလျင်များလှုပ်ခတ်ခဲ့မှုနှင့် ၂၀၂၅ နှစ် မန္တလေးငလျင် တည်နေရာအား ပုံ(၁)ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတွင် ၁၈၃၉ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း သမိုင်း တစ်လျှောက် လှုပ်ခတ်ခဲ့သည့် သမိုင်းဝင်အင်အား ပြင်းငလျင်ကြီးများကို ပုံ (၂)ဖြင့် လည်းကောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးကို ဘူမိဗေဒရှုထောင့်မှ ဆန်းစစ်ခြင်း
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မဂ္ဂနီကျု ၇ ဒသမ ၇ ရှိသည့် မန္တလေးငလျင် ကြီးသည် ရိုးရိုးသဘာဝဘေးအန္တရာယ် တစ်ခုထက် ပိုသည်ဟု ပြောရမည်ဖြစ်သည်။ အကြောင်းမှာ ယင်းငလျင်သည် မြန်မာနိုင်ငံ၏ ဘူမိဗေဒ တည်ဆောက်ပုံနှင့် ကျောက်လွှာချပ်များ ရွေ့လျားမှု စွမ်းအားကို သိပ္ပံနည်းကျ အထင်ရှားဆုံး သက်သေပြလိုက်သည့် ဖြစ်စဉ်တစ်ခုဖြစ်ခြင်းကြောင့် ဖြစ်သည်။ ပြတ်ရွေ့ဆိုင်ရာမက္ကင်းနစ် (Fault Mechanics) သဘောသဘာဝနှင့် ငလျင်ပညာ (Seismology) ရှုထောင့်မှကြည့်လျှင် ဤငလျင်ကြီးသည် လေ့လာဆန်းစစ်လေ့လာစရာ အလွန်ကောင်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး မြေထုချပ်ကြီး နှစ်ခုဖြစ်သော အိန္ဒိယမြေထုချပ်နှင့် ယူရေးရှားမြေထုချပ်တို့ ဆုံတွေ့ရာ ထိစပ်ဇုန်တွင်တည်ရှိသည်။ အိန္ဒိယမြေထုချပ်သည် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ တစ်နှစ်လျှင် ၅ စင်တီမီတာခန့်နှုန်းဖြင့် အဆက်မပြတ် တိုးဝင်ရွေ့လျားနေသည်။ ဤရွေ့လျားမှုကြောင့် ထွက်ပေါ်လာသော လျောပြတ်ဖိအားများကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းပြတ်ရွေ့ကြောကြီးက အဓိကတာဝန်ယူထိန်းညှိပေးထားသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလို မီတာအကွာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့သည့် ငလျင်သည် ဤစစ်ကိုင်းပြတ်ရွေ့ကြော၏ အလယ်ပိုင်း စစ်ကိုင်းအဆစ်အပိုင်း (Sagaing Segment)တွင် နှစ်ပေါင်းများစွာ စုစည်းနေခဲ့သည့် ဖိအားစွမ်းအင် များ ရုတ်တရက်ကျိုးပျက်ရုန်းထွက်သွားခြင်းဖြစ် သည်။ ဘူမိဗေဒတိုင်းတာချက်များအရ ဤငလျင် သည် မြေအောက်အနက် ၁၀ ကီလိုမီတာခန့်၌သာ ဖြစ်ပွားခဲ့သော ဇောက်တိမ်ငလျင်အမျိုးအစားဖြစ်ရာ ဇောက်တိမ်ငလျင်များ၏ သဘာဝအရ မြေမျက်နှာ ပြင်သို့ ငလျင်လှိုင်းများ တိုက်ရိုက်သက်ရောက်သဖြင့် ဖျက်ဆီးနိုင်စွမ်း စွမ်းအင်ပိုမိုပြင်းထန်ရခြင်းဖြစ် သည်။
ဂြိုဟ်တုမြေပုံများနှင့် ရေဒါအချက်အလက် (InSAR)များအရ ဤငလျင်သည် လက်ယာ ဘေးတိုက်ရွေ့ပြတ်ခြင်းပုံစံဖြင့် လှုပ်ရှားခဲ့သည်။ ငလျင်လှုပ်ခတ်စဉ်အတွင်း မြေမျက်နှာပြင်သည် စက္ကန့်ပိုင်းအတွင်းမှာပင် ၂ ဒသမ ၅ မီတာခန့်ဘေးသို့ ရုတ်တရက်ရွေ့လျားသွားခဲ့ပြီး မြေပြင် အက်ကွဲကြောင်းသည် ကီလိုမီတာ ၄၆၀ မှ ၅၀၀ ခန့်အထိ တောင်နှင့်မြောက် ရှည်လျားစွာ ဖြစ်ပေါ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ပင်မငလျင်ကြီး လှုပ်ခတ်ပြီးနောက် ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ နောက်ဆက်တွဲငလျင်ပေါင်း ၅၀၀ ကျော်မှ ၁၀၀၀ ကျော်အထိ လှုပ်ခတ်ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ဘူမိဗေဒရှုထောင့်အရ ဤနောက်ဆက်တွဲငလျင်များသည် ပင်မကျောက်ဖျာချပ်ကြီး ရွေ့လျားသွားပြီးနောက် ပတ်ဝန်းကျင်ရှိ ကျောက်လွှာငယ်များက ၎င်းတို့၏ မျှခြေသစ်(New Equilibrium)ကို ပြန်လည်ရှာဖွေညှိနှိုင်းနေသည့် ဖြစ်စဉ် ဖြစ်သည်။
အန္တရာယ်အရှိဆုံး ဘူမိဗေဒအချက်မှာ ကူလောင် ဖိအားကူးပြောင်းမှု (Coulomb Stress Transfer)ပင် ဖြစ်သည်။ ပင်မငလျင်လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းအပိုင်းတွင် ဖိအားများ လျော့ကျသွားသော်လည်း ယင်းနှင့်ဆက်စပ်နေသော မြောက်ဘက်ပိုင်း(ကသာ၊ မြစ်ကြီးနားဒေသ)နှင့် တောင်ဘက်ပိုင်း(ပဲခူး၊ ရန်ကုန်နှင့် ကပ္ပလီပင်လယ်ပြင်)ရှိ ပြတ်ရွေ့ကြော အပိုင်းများပေါ်သို့ ဖိအားစွမ်းအင်များ ပိုမိုစုပုံကူးစက်သွားစေခဲ့သည်ဟု ဆိုကြသည်။ ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတောင်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် လှုပ်ခတ်ခဲ့သော မဂ္ဂနီကျု ၅ ဒသမ ၃ ငလျင်သည် ဤဖိအားကူးပြောင်းမှုကြောင့် တောင်ဘက်ပိုင်း သက်ဝင်တက်ကြွလာခြင်းကို ပြသနေသည့် ဘူမိဗေဒ သက်သေတစ်ခုဖြစ်ကြောင်း ဆိုကြသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မဂ္ဂနီကျု ၇ ဒသမ ၇ ရှိသည့် အင်အားပြင်း မန္တလေး ငလျင်ကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖိအားများစွာကို ထုတ်လွှတ်ပေးခဲ့သော်လည်း ဘူမိဗေဒ သဘောတရားအရ ၎င်းဖြစ်စဉ်သည် စစ်ကိုင်းပြတ်ရွေ့ကြော၏ အခြားသော အစိတ်အပိုင်းများ ပေါ်သို့ ဖိအားစွမ်းအင်များကို ပိုမိုတွန်းပို့ပေးလိုက် သကဲ့သို့ ဖြစ်သွားစေခဲ့သည်။ ကမ္ဘာ့ဘူမိဗေဒ ပညာရှင် များနှင့် ငလျင်သုတေသနအဖွဲ့များ၏ နောက်ဆုံး တွေ့ရှိချက်များအရ နောက်ထပ်အင်အားပြင်းငလျင်များ ထပ်မံလှုပ်ခတ်နိုင်ခြေရှိသော ဒေသများနှင့် ဘူမိဗေဒဆိုင်ရာ အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရသည်-
တောင်ဘက်ပိုင်းဇုန်။ စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်ပိုင်းဇုန်တွင် ပဲခူးမြို့၊ တောင်ငူမြို့၊ ဖြူးမြို့၊ ရန်ကုန်မြို့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ဒေသများ ပါဝင်သည်။ မန္တလေးငလျင်ကြီးသည် စစ်ကိုင်းမြို့၏ မြောက်ဘက်ပိုင်းကို အဓိက သက်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ ကြော၏ တောင်ဘက်ပိုင်းဖြစ်သော ပဲခူးနှင့် ကပ္ပလီပင်လယ်ပြင်အဆစ်အပိုင်း (Sagaing- Andaman Segment)တွင် စွမ်းအင်များ စုပုံလာနေသည်ဟု သုံးသပ်ကြသည်။ ၂၀၂၆ ခုနှစ် မေလ အတွင်းက ကပ္ပလီပင်လယ်ပြင်တွင် မဂ္ဂနီကျု ၅ ဒသမ ၃ အဆင့်အထိရှိသော ငလျင်များ ဆက်တိုက်လှုပ်ခတ်လာခြင်းသည် ဤဇုန်တွင် ဖိအားများ သိသိသာသာ တိုးလာနေခြင်းကို ပြသနေသည်ဟု သုံးသပ်ထားသည်။
မြောက်ဘက်ပိုင်းဇုန်။ စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်ပိုင်းဇုန်တွင် စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ကချင်ပြည်နယ် (ကသာ၊ ဗန်းမော်နှင့် မြစ်ကြီးနားဒေသ)များ ပါဝင်သည်။ ပင်မငလျင် ကြီးကြောင့် ပြတ်ရွေ့ကြောတစ်ခုလုံး တုန်ခါသွားစဉ် စွမ်းအင်ကူးပြောင်းမှုသည် မြောက်ဘက် ဖျားပိုင်းရှိ ပြတ်ရွေ့ကြောများဆီသို့လည်း ရောက်ရှိသွားခဲ့သည်ဟု သုံးသပ်ထားကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း (ပြတ်ရွေ့ကြောကန့်လန့်ဖြတ်ဇုန်)။ ယင်းဇုန် တွင် ပြင်ဦးလွင်၊ နောင်ချို၊ မိုးကုတ်နှင့် ကျိုင်းတုံ၊ တာလေဒေသများ ပါဝင်သည်။ စစ်ကိုင်းပြတ်ရွေ့ ၏ ပြင်းထန်စွာ ရွေ့လျားသွားမှုကြောင့် ကန့်လန့်ဖြတ်ဆက်စပ်နေသည့် ကျောက်ကြမ်း ပြတ်ရွေ့ (Kyaukkyan Fault) နှင့် နမ့်မပြတ်ရွေ့ (Nam Ma Fault)တို့ အပေါ်သို့ ဘေးတိုက် တွန်းအားများ သက်ရောက်စေခဲ့ကြောင်း သုံးသပ်ကြသည်။
ကမ္ဘာ့ငလျင်ဗေဒပညာရှင်များက ၂၀၂၅ ငလျင် ကြီးအပြီး နည်းပညာမြင့်ကိရိယာများဖြင့် တိုင်းတာ တွေ့ရှိချက်များအရ အချက်သုံးချက်ကြောင့် ငလျင်အသစ်များ ထပ်မံလှုပ်ခတ်နိုင်ကြောင်း ကောက်ချက်ချထားကြသေးသည်။ ယင်းအချက် သုံးချက်မှာ -
(၁) ကူလောင်ဖိအားကူးပြောင်းမှု သီအိုရီ
ဘူမိဗေဒတိုင်းတာချက်များအရ ၂၀၂၅ ငလျင် ကြီး (M 7.7) လှုပ်ခတ်စဉ်က စစ်ကိုင်းမြို့အနီး တွင် စွမ်းအင်များ လျော့ကျသွားခဲ့သော်လည်း စစ်ကိုင်းပြတ်ရွေ့ကြော၏ ဘေးဝဲယာအစွန်းများ (မြောက်ဘက်နှင့် တောင်ဘက်အပိုင်းများ) ပေါ်သို့ ဖိအားစွမ်းအင်များ ကီလိုပါစကယ်လ်(kPa)သောင်းချီ၍ ကူးပြောင်းသက်ရောက်သွားကြောင်း ဂြိုဟ်တုရေဒါ(InSAR) အချက်အလက် များက ဖော်ပြနေကြောင်း၊ ဤသို့ ဖိအား ကူးပြောင်းခြင်းသည် အခြားအပိုင်းများ ပိုမို မြန်ဆန်စွာ ကျိုးပျက်လှုပ်ခတ်လာစေရန် တွန်းအားပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ် ထားကြသည်။
(၂) မြေပြင်ရွေ့လျားမှု မမျှတခြင်း
၂၀၂၆ ခုနှစ် မေလအတွင်း သိပ္ပံဂျာနယ်များတွင် ဖော်ပြချက်များအရ ၂၀၂၅ ငလျင် လှုပ်ခတ်စဉ်က မြေပြင်သည် စက္ကန့်ပိုင်းအတွင်း ၂ ဒသမ ၅ မီတာခန့် ရုတ်တရက် ဘေးသို့ ရွေ့လျားသွားခဲ့ သော်လည်း ပြတ်ရွေ့ကြောတစ်ခုလုံး ညီတူ ညီမျှ ရွေ့လျားသွားခြင်းမဟုတ်ဘဲ အချို့နေရာ များတွင် ကျောက်လွှာများ တစ်ဆို့ကျန်ရစ်ခဲ့သေးသည်။ ထိုသို့ မမျှမတရွေ့လျားမှုကြောင့် ချောမွေ့စွာ ရွေ့လျားခွင့်မသာဘဲ တစ်ဆို့ပိတ်မိနေသည့် ကျန်ရစ်သည့်အပိုင်း(Locked Sections) တွင် ဖိအားသစ်များ ထပ်မံစုစည်းလာနေပြီး ၎င်းတို့သည် နောက်ထပ် ငလျင်အသစ်များကို ဖန်တီးနိုင်စွမ်းရှိကြောင်း သုံးသပ်ထားကြသည်။
(၃) နောက်ဆက်တွဲငလျင်များ၏ ပုံသဏ္ဌာန် (Aftershock Migration):
၂၀၂၅ မတ်လမှ ယခု ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ လှုပ်ခတ်ခဲ့သော နောက်ဆက်တွဲ ငလျင်ပေါင်း ၁၀၀၀ ကျော်၏ တည်နေရာများကို မြေပုံဆွဲ ကြည့်ရာတွင် ငလျင်တို့သည် ဗဟိုချက်တစ်ခု တည်း၌ ငြိမ်မနေဘဲတောင်ဘက် (ပဲခူး/ ရန်ကုန်ဘက်)သို့ တဖြည်းဖြည်း ရွေ့လျားဦးတည်လာနေကြောင်း သုံးသပ်ထားကြသည်။ ၎င်းမှာ ပြတ်ရွေ့ကြောတစ်လျှောက် အက်ကြောင်းသစ်များ တွန်းထွက်လာနေသည့် ဘူမိဗေဒဆိုင်ရာ လက္ခဏာရပ်ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။
အချုပ်အားဖြင့်ဆိုရသော် ၂၀၂၅ ခုနှစ် မန္တလေး ငလျင်ကြီးသည် စစ်ကိုင်းပြတ်ရွေ့ကြောတစ်ခုလုံး ကို ပြန်လည်နိုးထတက်ကြွလာစေခဲ့ပေသည်။ အထူးသဖြင့် ပဲခူးတိုင်းအပါအဝင် တောင်ဘက်ပိုင်း ဒေသများသည် စစ်ကိုင်းပြတ်ရွေ့ကြော၏ ဖိအားအသစ်များ ကူးစက်ရာဇုန်တွင် တည်ရှိနေခြင်း ကြောင့် နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်အား မပြတ်အစဉ် အလေး ထားလျက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးရေးနှင့် တာဆီးကာကွယ်ရေးအစီအမံ များ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။


