ကမ္ဘာ့အဆင့် (၁) ဘယ်လာရုစ်တင်းနစ်မယ် ဆာဘယ်လင်ကာသည် နေရှင်နယ်ဘဏ်အိုးပင်း တင်းနစ်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ပြိုင်ဘက်ရုရှားတင်းနစ်မယ် အဲလက်ဇန် ဒရိုဗာကို ၆-၇ (၃-၇)၊ ၆-၄၊ ၄-၆ ရလဒ်ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဂရင်းဆလမ်းချန်ပီယံ လေးကြိမ်အထိ ဆွတ်ခူးထားသည့် အသက် ၂၈ နှစ်အရွယ် ဆာဘယ်လင်ကာသည် ၆၄ ဦးအဆင့်နှင့် ၃၂ ဦးအဆင့်တွင် ယူခိဂျိမာနှင့် ရှောင်ရှုဝေတို့ကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ၁၆ ဦးအဆင့်တွင် အဲလက်ဇန်ဒရိုဗာကို ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။
၎င်းသည် ဝင်ဘယ်ဒန်ပြိုင်ပွဲပြီးနောက် ပထမဆုံးပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတွင် ၁၆ ဦးအဆင့်မှ နှုတ်ဆက်ထွက်ခွာခဲ့ရခြင်းလည်းဖြစ်သည်။ ဆာဘယ်လင်ကာနှင့်အတူ အခြားထိပ်တန်းတင်းနစ်မယ်များဖြစ်သည့် အနီ ဆီမိုဗာ၊ ပဲဂူလာတို့လည်း ၁၆ ဦးအဆင့်မှ ထွက်ခွာခဲ့ရပြီဖြစ်သည်။
အဲလက်ဇန်ဒရိုဗာသည် ကွာတားဖိုင်နယ်တွင် ယူကရိန်းတင်းနစ်မယ် စဗစ်တိုလီနာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ စဗစ်တိုလီနာသည် ၁၆ ဦးအဆင့်တွင် အနီဆီမိုဗာကို ၆-၂၊ ၆-၄ ရလဒ်ဖြင့် အနိုင်ယူကျော်ဖြတ်ထားသူဖြစ်သည်။
အောင်ဇော်


