မကွေး သြဂုတ် ၂၉
ကမ္ဘာ့ MSME နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမှ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းရှင် စုစုပေါင်း ၂၄ ဦးက စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ချည်ထည်များ၊ လယ်ယာသုံးပစ္စည်းများ၊ သဘာဝမြေဩဇာများ၊ ပြည်ပပို့ကုန်များစသဖြင့် ထုတ်ကုန်အမည်စုစုပေါင်း ၁၁၀ ခန့် ပြသရောင်းချနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲမှ သိရသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက နိုင်ငံတော်သမ္မတ၏ MSME ဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရန်၊ MSME လုပ်ငန်းရှင်များအတွက် ဈေးကွက်ချဲ့ထွင်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းသစ်များနှင့် ပတ်သက်၍ သတင်းအချက် အလက်ဖြန့်ဝေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ MSME လုပ်ငန်းရှင်များအတွက် ဈေးကွက်ချဲ့ထွင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းသစ်များ၊ နိုင်ငံတကာ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရေး၊ MSME လုပ်ငန်းရှင်များအတွက် အလွန်အရေးပါသည့် ဒီဂျစ်တယ်ဝန်ဆောင်မှုများကို လုပ်ငန်းရှင်များက ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)


