ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ်လို့ရလား

လူကြီးတွေအတွက်တော့ ခေါင်းအုံးဆိုတာ အိစက်ညက်ညောပြီး ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်အောင် အထောက်အကူပေးတယ်ဆိုပေမယ့် ငယ်သေးတဲ့ ကလေးတွေအတွက်တော့ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အရွယ်ငယ်သေးတဲ့ ကလေးတွေမှာ ခေါင်းအုံးနဲ့ အိပ်ကျင့်မရှိတာကြောင့်ရယ်၊ အသက်အရွယ်ကြောင့် ခေါင်းအုံးနဲ့ အိပ်တဲ့အခါ မွန်းသလို ခံစားရတာ၊ အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာတွေ ဖြစ်နိုင်ပါတယ်။

 

ဘယ်အရွယ်မှ ခေါင်းအုံးနဲ့ ပေးအိပ်လို့ ရမှာလဲ။

 

အနည်းဆုံး ကလေးအသက် တစ်နှစ်ခွဲ (၁၈ လ) အရွယ်မှသာ ခေါင်းအုံးနဲ့ သိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အဲဒီထက်ငယ်တဲ့ ကလေးတွေ၊ အထူးသဖြင့် အသက် တစ်နှစ်အောက် ကလေးတွေ ဆိုရင်တော့ ခေါင်းအုံးနဲ့ လုံးဝပေးသိပ်လို့ မရပါဘူး။

 

အသက် တစ်နှစ်အောက် ကလေးတွေမှာ ရုတ်တရက်သေဆုံးခြင်းလက္ခဏာ (SIDS) ကို ဖြစ်စေတဲ့ တရားခံအကြောင်းရင်းတွေထဲမှာ ကလေးကို ခေါင်းအုံးနဲ့ ပေးအိပ်တဲ့အချက်လည်း ပါဝင်နေပါတယ်။ အသက် တစ်နှစ်နောက်ပိုင်းမှာတော့ ရုတ်တရက်သေဆုံးနှုန်း လျော့ကျသွားတယ်ဆိုပေမယ့် အသက် တစ်နှစ်ခွဲကိုတော့ အစောဆုံး ကလေးကို ခေါင်းအုံးနဲ့ ပေးအိပ်သင့်တဲ့ စံအသက်အရွယ်ဖြစ်သာ သတ်မှတ်လို့ ရပါတယ်။ ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုပုံစံချင်း မတူညီတဲ့အတွက် တချို့ ကလေးတွေမှာ အဲဒီထက် အသက်ပိုကြီးတော့မှ ခေါင်းအုံးနဲ့ အိပ်လို့ရတာမျိုးတွေလည်း ရှိပါတယ်။

 

ဒါဆို ကလေးတွေကို ဘယ်လိုသိပ်မလဲ။

 

အဓိက အသက် တစ်နှစ်ခွဲအောက် ကလေးငယ်တွေ အိပ်ဖို့သီးသန့် ကုတင် သို့မဟုတ် ပုခက်မှာ သိပ်တာ အကောင်းဆုံးပါပဲ။ လူကြီးတွေနဲ့ အတူပေးအိပ်တာမျိုး၊ လူကြီးကုတင်မှာ အိပ်ခိုင်းတာမျိုးလည်း မလုပ်သင့်ပါဘူး။ နောက်ထပ်သိထားသင့်တဲ့ အချက်တွေကတော့

 

•           ကလေးတွေကို ခေါင်းအုံးနဲ့ မအိပ်ခိုင်းရပါဘူး

•           ကလေးတွေကို စောင်ခြုံပြီး သိပ်တာမျိုး လုပ်ပေးလို့ မရပါဘူး

•           ကလေးအိပ်တဲ့နေရာနားမှာ လက်နဲ့ဆွဲလို့မှီလောက်တဲ့ ချည်မျှင်၊ ဓာတ်ကြိုး၊ လိုက်ကာ စတာတွေ မရှိနေသင့်ပါဘူး

•           ကလေးအိပ်ကုတင်ကို မိမိအိပ်ခန်းနားမှာ ထားထားပြီး မကြာခဏဆိုသလို ကလေးရဲ့ အိပ်နေတဲ့အခြေအနေကို စောင့်ကြည့်ပေးပါ

•           အမွေးပွအရုပ်အပြင် ဘယ်လိုအရုပ်မျိုးကိုမဆို ကလေးအိပ်တဲ့နေရာနားမှာ မထားပါနဲ့

 

အသက် တစ်နှစ်ခွဲပြည့်ပြီးတဲ့အခါ ကလေးအတွက် ခေါင်းအုံးနဲ့သိပ်ဖို့ အဆင်သင့်ဖြစ်မဖြစ်ကို ပုံမှန်ပြနေကျ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်။ အစောပိုင်းကာလမှာတော့ ဆရာဝန်အနေနဲ့ ခေါင်းအုံးနဲ့ သိပ်ခိုင်းပြီး ကလေးက ဒီပြောင်းလဲမှုကို ဘယ်လိုတုံ့ပြန်လဲပေါ် မူတည်ပြီး ဆက်လုပ်သင့်၊ မလုပ်သင့်ကို အကြံပေးပါလိမ့်မယ်။

 

•           ကလေးအတွက် ခေါင်းအုံးရွေးတဲ့အခါ ဦးခေါင်းနဲ့ သိပ်ပြီး မကွာတဲ့ ခေါင်းအုံးအသေးကိုသာ ရွေးပါ

•           ခေါင်းအုံးအသားကို ချည်သားနဲ့ လုပ်ထားတာမျိုးကိုသာ ရွေးဝယ်ပါ

•           တစ်ခါတရံ ခေါင်းအုံးအသားနဲ့ ကလေးအရေပြား ဓာတ်မတည့်တာမျိုး ဖြစ်တတ်တဲ့အတွက် သတိတော့ထားပါ

•           ကလေးက ခေါင်းအုံးအောက်ထဲ ဝင်နေတာ ဒါမှမဟုတ် မျက်နှာကို ခေါင်းအုံးနဲ့ ဖိထားတာမျိုး တွေ့ရင် အမြန်ဖယ်ပြီး နေရာတကျဖြစ်အောင် ပြင်ပေးပါ

•           စောင်ကိုလည်း ချည်သားအပါးလေးသာ ဝယ်ပေးပါ၊ များသောအားဖြင့် ရာသီဥတုမအေးရင်၊ အိမ်မှာ ပိုးကောင်တွေ မရှိရင်တော့ စောင်ခြုံပေးစရာမလိုပါဘူး။

 

မေမေတို့လည်း ခုပြောတဲ့အချက်တွေကို သေချာမှတ်ထားပြီး ကိုယ့်ရဲ့ အသစ်စက်စက်ရင်သွေးလေးကို သေချာဂရုစိုက်ရင်း ပြုစုပျိုးထောင်ကြရအောင်နော်။

 

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်