ကလေးငယ်များကို အလေးထားကာကွယ်

ဇူလိုင် ၁၄

ကလေးငယ်များအတွက် အစဉ်လိုအပ်နေသောအရာမှာ မေတ္တာနှင့် လုံခြုံမှုပင် ဖြစ်သည်။ ကလေးများအတွက် မေတ္တာနှင့်လုံခြုံမှုကို ရရှိနေမည်ဆိုလျှင် ကလေးငယ်များဘဝမှာ ပျော်ရွှင်ချမ်းမြေ့ သာယာနေမည်ဖြစ်သည်။ ထိုမေတ္တာနှင့် လုံခြုံမှုကို မိဘအုပ်ထိန်းသူနှင့် ပတ်ဝန်းကျင်မှ ဖြည့်ဆည်း ပေးကြရပါသည်။ ကလေးငယ်များမှာ အပြစ်ကင်းစင်ပြီး မျှော်လင့်ချက်ဖြင့် ကြီးထွားရှင်သန်နေကြပါသည်။ ။

 

ကလေးငယ်တို့၏ အသက်အရွယ်အလိုက် မွေးကင်းစမှစ၍ ကြီးပြင်းလာသည့်တိုင် မိဘတို့၏ နွေးထွေးမှုနှင့် လုံခြုံမှုကို လိုအပ်ကြသည်။ လူမမည် ငယ်ရွယ်စဉ်ကတည်းက ပြင်းထန်သော အသံကြားလျှင် တုန်လှုပ်ထိတ်လန့်တတ်သည့် သဘာဝရှိသည်။ ထိုအရွယ် ကလေးငယ်မှစ၍ ကြီးပြင်းလာသည်အထိ ကြောက်ရွံ့စိတ် ကင်းဝေးအောင် ပြုလုပ်ပေးနိုင်မှ ကလေးငယ်၏အနာဂတ် လှပပေမည်။ ။

 

အခါများစွာ ကြောက်လန့်ဖွယ်ရာများနှင့် ကြုံတွေ့ရသော ကလေးငယ်၏ဘဝမှာ အညွန့်ကျိုးသော ပန်းကဲ့သို့ ညှိုးနွမ်းလာတတ်သည်။ အခါမလပ် ကြောက်ရွံ့တုန်လှုပ်နေသည့် ကလေးငယ်မှာ လူကြီးမိဘများကိုသာ အားကိုးတတ်သည်။ ထိုကလေးများသည် ပျော်ရွှင်ချမ်းမြေ့မှုနှင့် အနာဂတ် မျှော်လင့်ချက်များ ကွယ်ပျောက်၍ လုံခြုံမှုမရှိသောဘဝဖြင့် အသက်ရှင်သန်ကြရသည်။

 

မျက်မှောက်ကာလတွင် မငြိမ်းချမ်းသောဒေသအချို့၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် ဒေသခံပြည်သူများကြားမှ ကလေးသူငယ်များဘဝ လုံခြုံမှုကင်းဝေးလာသည်ကို တွေ့ရသည်။ ကလေးများဘဝတွင် လုံခြုံမှုသည် အရေးကြီးလှပြီး လုံခြုံမှုကင်းဝေးပါက ငံ့လင့်နေသောမေတ္တာများပါ ပျောက်ကွယ်သွားရသည်။ ယခုအခါ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များ လုံခြုံမှု ကင်းဝေးနေသည့်အပြင် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများပင် ရှိနေသည်ဟု ပြောဆိုသံများကြားသိလာရသည်။

 

ကလေးသူငယ်များ လုံခြုံမှုနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေရှိပြီးဖြစ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများ ရရှိအောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ ယခုအခါ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန် ၁၀ ရပ် ချမှတ်ကာ ဆောင်ရွက်လျက်ရှိရာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်မှုများ မဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ် တားဆီးမှုများကို ဆောင်ရွက်နေကြောင်း သိရှိရသဖြင့် ဝမ်းမြောက်မိသည်။

 

ကလေးငယ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတော်အစိုးရကလည်း အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းတွေ့ရှိချက်တွင် ကြီးလေးသောကျူးလွန်မှု (၆) ရပ် နှင့်ပတ်သက်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ညွှန်ကြားထားသည်။ မြန်မာနိုင်ငံ၌ အချို့ဒေသများတွင် ငြိမ်းချမ်းမှု မရရှိသေးသောကြောင့် ဒေသခံပြည်သူများရော ကလေးသူငယ်များအတွက်ပါ စိန်ခေါ်မှုများရှိနေသေးသည်။

 

ထိုသို့ကြားတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရန် အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိသည်။ အရွယ်မရောက်သေးသော ကလေးစစ်သား စုဆောင်းမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏စာရင်းမှ မြန်မာ နိုင်ငံအား ပယ်ဖျက်ပေးလိုက်ခြင်းမှာ ကောင်းသောလက္ခဏာဖြစ်သည်။ သို့သော် လက်နက်ကိုင် ပဋိပက္ခများကြားတွင် ကလေးငယ်များ ထိခိုက်သေဆုံးမှု သတင်းအချို့ ကြားသိနေရသေးသဖြင့် စိတ်ချမ်းသာမှု အပြည့် အဝမရသေးပေ။

 

မည်သို့ဆိုစေကာမူ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းတွေ့ရှိချက်အရ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုအဖြစ် သတ်မှတ်ထားသည့် ကလေးသူငယ်များအား သတ်ဖြတ်ခြင်းနှင့် သေရာပါ ကိုယ်လက်အင်္ဂါ ချို့ယွင်းစေခြင်း၊ တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးသူငယ်များအား စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ ကလေးသူငယ်များအား အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းအမျိုးမျိုး၊ ကလေးသူငယ်များအား အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ဆေးရုံနှင့်ကျောင်းများအား တိုက်ခိုက်ခြင်းနှင့် ကလေးသူငယ်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကို တားဆီးခြင်း သို့မဟုတ် ခွင့်မပြုခြင်းဟူသည့် အချက် (၆) ရပ်သည် အရေးကြီးသည့် အလေးထားဖွယ်ရာအချက်များဖြစ်သည်။ ။

 

သို့ဖြစ်ရာ အပြစ်ကင်းစင်သည့် ကလေးသူငယ်များ၏ ဘဝများ ထိခိုက်နစ်နာ ဆုံးရှုံးခြင်း မဖြစ်စေရန်အတွက် အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်းမှ ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများ မပေါ်ပေါက်စေရန်အတွက် ဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ အလေးထား ကာကွယ်စောင့်ရှောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ