ကလေးအလုပ်သမားများနှင့် လုပ်ငန်းခွင်ကျန်းမာရေး

၂ ဧပြီ

 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကလေးအလုပ်သမားဟူသည် ၎င်း၏ကလေးဘဝ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုးကို လုပ်ကိုင်နေရသူများအား ဆိုလိုသည်။ ထိုအလုပ်မျိုးသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စာရိတ္တပိုင်းဆိုင်ရာကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး (သို့မဟုတ်) ၎င်းတို့၏ ပညာသင်ကြားရေးကို ထိခိုက်စေနိုင်မည့် ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်မှု မရှိခြင်း၊ အချိန်မတိုင်မီ ကျောင်းမှမဖြစ်မနေ ထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသောအလုပ်ကို အကြောင်းအမျိုးမျိုးကြောင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်ရခြင်းတို့ဖြစ်သည်။

 

ကလေးအလုပ်သမားများသည် ဘေးအန္တရာယ်ရှိသော (သို့မဟုတ်) ကျန်းမာရေးနှင့် မညီညွတ်သော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရ၍ အသက်အန္တရာယ် ထိခိုက်စေနိုင်ခြင်း (သို့မဟုတ်)အနာတရ ဖြစ်စေနိုင်သည်။ လုံခြုံမှုအားနည်းခြင်း၊ ကျန်းမာရေးအဆင့် နိမ့်ကျခြင်းနှင့် လုပ်ငန်းအစီအမံများ၏ အကျိုးဆက်များကြောင့် ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ကျန်းမာရေးချို့တဲ့မှုကြောင့် အမြဲတမ်းမသန်စွမ်းအဖြစ်သို့ ရောက်ရှိနိုင်သည်။ ထို့အပြင် အလေးအလုပ်သမားဘဝတွင် ရံဖန်ရံခါရရှိခံစားရသော ကျန်းမာရေးပြဿနာများကြောင့် ၎င်းကလေး အရွယ်ရောက်သည့်တိုင်အောင် ဖွံ့ဖြိုးတိုးတက်မှုမရှိတော့ သည်ကိုလည်း တွေ့ရတတ်ပါသည်။

 

အန္တရာယ်ရှိသော လုပ်ငန်းခွင်

 

အိုင်အယ်လ်အို၏ အကြံပြုချက်အမှတ် (၁၉၀) တွင် (၁) ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်)လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုအတွက် အကာအကွယ်မဲ့စေမည့် အလုပ်အကိုင်များ၊ (၂) မြေအောက်၊ ရေအောက်နှင့် အန္တရာယ်ရှိသော မြင့်မားသည့် နေရာများ (သို့မဟုတ်) ပိတ်လှောင်ထားသည့်နေရာများ၊ (၃) အန္တရာယ်ရှိသောစက်ယန္တရား၊ ကိရိယာတန်ဆာ ပလာများနှင့် (သို့မဟုတ်) လူအားဖြင့် တင်ချသယ်ယူ ပို့ဆောင်ရသော လေးလံသည့် ဝန်စည်များပါဝင်သည့် လုပ်ငန်းများ၊ (၄) ကျန်းမာရေးနှင့် မညီညွတ်သည့်နေရာများတွင် လုပ်ကိုင်ရသည့်အလုပ်အကိုင်များ ဥပမာကလေးသူငယ်များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော တုန်ခါမှုများ၊ မြင့်မားသောအပူချိန်နှင့် ဆူညံသံများ (သို့မဟုတ်) ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အရာဝတ္ထု ပစ္စည်းများ၊ ကြားခံအရာဝတ္ထုများ (သို့မဟုတ်) လုပ်ငန်း၊ အဆင့်ဆင့်၊ (၅) အချိန်ကြာမြင့်စွာ လုပ်ကိုင်ရခြင်း (သို့မဟုတ်) ညဉ့်ကာလတွင် လုပ်ကိုင်ရခြင်း (သို့မဟုတ်) အလုပ်ရှင်၏ အဆောက်အအုံ ဥပစာအတွင်း ကြောင်းကျိုးမဆီလျော်သော ချုပ်နှောင်စေခိုင်းခြင်းစသည့် (အထူးခက်ခဲသည့် အခြေအနေများတွင် လုပ်ကိုင်ရသည့် အလုပ်များအား အသက် ၁၈ နှစ်အောက် ကလေးသူငယ် အားလုံးအတွက် တားမြစ်ထားသည့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်များအဖြစ် ထည့်သွင်းအကြံပြုထားပါသည်။

 

ယနေ့ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ (Global climate Change )၏ အကျိုးဆက်များကြောင့်ဖြစ်ပေါ်လာသည့် မုန်တိုင်းကြီးများ တိုက်ခတ်ခြင်း၊ ရေများကြီးခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်မှုများကြောင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊ ပြည်တွင်းပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေထိုင်မှုများ ရှိနေပြီး လူမှုစီးပွား အကျပ်အတည်းများမှတစ်ဆင့် ကလေးအလုပ်သမား၊ လူငယ်လူရွယ် အလုပ်သမားများသည် ပညာရေးဆုံးခန်းတိုင်သည်ထိအောင် သင်ကြားနိုင်သည့် အခွင့်အလမ်းများကို ရွေးချယ်မှုမရှိဘဲ ကလေး အလုပ်သမားများအဖြစ် အသုံးပြုခံနေရမှုများကိုလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကြုံတွေ့နေရလျက်ရှိသည်။

 

မြန်မာနိုင်ငံမှ ကလေးလုပ်သားအင်အား

 

၂၀၁၈ ခုနှစ် လုပ်သားအင်အား အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် အသက် ၅နှစ်မှ ၁၇ နှစ်အထိ ကလေး ဦးရေ ၁၂ ဒသမ ၄ သန်းရှိရာ ၀ ဒသမ ၆ သန်းခန့်သည် အလုပ်လုပ်ကိုင်နေကြရပြီး၊ ၀ ဒသမ ၄၂ သန်းသည် ကလေးလုပ်သားများဖြစ်ကြောင်း၊ ကလေးဦးရေ ၁ ဒသမ ၄ သန်းသည် အန္တရာယ်ရှိသည့် အလုပ်များတွင် လုပ်ကိုင်နေကြရကြောင်း သိရသည်။ ပြည်တွင်း အလုပ်သမားဈေးကွက်တွင် အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား ကလေးများသည် ကလေးအလုပ်သမားများအဖြစ် အများဆုံးအလုပ်လုပ်ကိုင်နေကြရကာ အများစုသည် မူလတန်းပညာအရည်အချင်းအဆင့်သာ သင်ကြားရကြောင်း ဖော်ပြထားပါသည်။

 

ထို့အပြင် မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများအတွက် သီးသန့်ပြဋ္ဌာန်းထားသည့် ဥပဒေမရှိဘဲ ကလေးအလုပ်သမားနှင့် တိုက်ရိုက်ဆက်နွယ်နေသော ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ အမျိုးသား ပညာရေးဥပဒေ စသည်တို့သာရှိသည်။ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေနှင့် ၁၉၅၁ ခုနှစ် အလုပ်ရုံ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့တွင် အသက် ၁၄ နှစ်အောက်ကလေးများအား အလုပ်လုပ်ရန် တားမြစ်ထားသော်လည်း ၎င်းဥပဒေများက ကလေးလုပ်သားများ အများအပြားရှိသည်ဟု ယုံကြည်ရသော စိုက်ပျိုးရေးကဏ္ဍနှင့် ပုံမှန်မဟုတ်သည့် စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်ရသော ကလေးများအတွက် အကျုံးမဝင်ပါ။

 

အိုင်အယ်လ်အို ပြဋ္ဌာန်းချက်အမှတ် (၁၃၈) တွင် လုပ်ငန်းခွင်ဝင်ရန် အနိမ့်ဆုံးအသက်အရွယ်နှင့် စပ်လျဉ်း ၍ သာမန်အားဖြင့် မသင်မနေရပညာရေးပြီးဆုံးသည့် အသက် ၁၅ နှစ်အောက် မငယ်သင့်ဟု ပြဋ္ဌာန်းထားသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဖြစ်နိုင်ခြေရှိသော အသက်မှာ ၁၄ နှစ်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့် အားလျော်စွာ ကလေးလုပ်သားပပျောက်ရေး ဆောင်ရွက် ရန်အတွက် လိုအပ်ချက်များစွာရှိနေပါသည်။ ကလေးလုပ်သမားအများစုသည် နိုင်ငံအတွင်းရှိ ကျေးလက်ဒေသ အများစုနှင့် မြို့ပြအခြေခံလူတန်းစားများအတွင်း တည်ရှိနေကြပြီး ယင်းတို့ကို ပပျောက်ရေးအတွက်လည်းကောင်း၊ ယင်းတို့၏ အလုပ်သမားအခွင့်အရေး၊ ကလေးလုပ်သား အခွင့်အရေးအပြည့်အဝ ရရှိရန်အတွက်လည်းကောင်း၊ အဓမ္မစေခိုင်းခံရခြင်း မရှိစေရန်အတွက်လည်းကောင်း ကြိုးစားဖော်ဆောင်နေရဆဲ ကာလတစ်ခုဖြစ်သည်။

 

နိုင်ငံတော်အဆင့် စီမံကိန်းများချမှတ်ထား

 

ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကလေးအလုပ်သမား ပပျောက်ရေးနှင့် စပ်လျဉ်း၍ လုံးဝဆိတ်သုဉ်းပပျောက်သွားအောင် ဆောင်ရွက်နိုင်မှုမရှိသော်လည်း နိုင်ငံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုပေါ် မူတည်၍ ကလေးအလုပ်သမား ပပျောက်ရေး အစီအစဉ်များကို နိုင်ငံအဆင့်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုးဆုံးပုံစံများတွင် ကလေးသူငယ်များ ကျွန်ပြုခံရခြင်း၊ ပြင်းထန်သော ဘေးဥပဒ်နှင့် နာမကျန်းရောဂါတို့ အကာအကွယ်မဲ့စေခြင်း၊ (သို့မဟုတ်) မြို့ကြီးပြကြီးများရှိ လမ်းမများပေါ်ရံဖန်ရံခါ အသက်အရွယ်အလွန်ငယ်သူများပင် ဝမ်းရေးရှာဖွေ စားသောက်ရခြင်းတို့ ပါဝင်သည်။ အလုပ်၏ သီးခြားပုံစံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကလေးအလုပ်သမားဟု ခေါ်ဆိုနိုင်ရန်မှာ နိုင်ငံတစ်နိုင်ငံချင်းစီ၏ ရည်ရွယ်ချက်များနှင့် အလုပ်အကိုင်တို့ပေါ် မူတည်ပါသည်။ နိုင်ငံအတွင်း ရှိလုပ်ငန်းကဏ္ဍများအလိုက်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ အဖြေကွဲပြားခြားနားမှုများ ရှိပါသည်။

 

ကလေးအရွယ်များ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိလာရခြင်းမှာ မိသားစုစားဝတ်နေရေး မလုံလောက်မှုက အဓိက ဖြစ်သည်။ ကျေးလက်ဒေသရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် အများဆုံးတွေ့မြင်ရသည်။ ထို့အပြင် မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်များ၊ မိသားစုအသေးစား လုပ်ငန်းများတွင်လည်း တွေ့မြင်ကြရသည်။ ဤသို့ ကလေးလုပ်သား များပြားစွာရှိနေခြင်းမှာ ဆင်းရဲမွဲတေမှု၊ ပညာရေးနိမ့်ကျမှုနှင့် ရာသီဥတု သဘာဝဘေးဒဏ်များကြောင့် ပြောင်းရွှေ့အခြေချမှုများကြောင့်လည်း ဖြစ်သည်။

 

ကလေးအလုပ်သမားများသည် ကာယကံရှင်များအတွက်သာမက နိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဦးစားပေးလုပ်ဆောင်ရာတွင် အမျိုးသားဖွံ့ဖြိုး တိုးတက်မှုကို အမှန်တကယ် အနှောင့်အယှက်ဖြစ်စေပြီး လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှု မြင့်မားစေပါသည်။ ထို့အပြင် ပညာရည်နည်းပါးမှုနှင့် နိမ့်ကျသော အလုပ်စွမ်းအားဖြင့် လည်ပတ်နေရ၍နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ယှဉ်ပြိုင်နိုင်မှုကိုလည်း အကျိုးသက်ရောက်စေနိုင်ပါသည်။

 

ကလေးဥပဒေတစ်ရပ် ပြဋ္ဌာန်းရေးဆောင်ရွက်နေ

 

မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကလေးအလုပ်သမားများကို အဆိုးရွားဆုံးပုံစံနှင့် ခိုင်း စေမှုဆိုင်ရာ (ILO) ၏ ပြဋ္ဌာန်းချက်အမှတ် ၁၈၂ အပိုဒ်(၃) ကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ပါသည်။ အဆိုပါ ပြဋ္ဌာန်းချက်တွင် (က) ကလေးသူငယ်များအား ပုံစံမျိုးစုံဖြင့် ကျွန်ပြုခိုင်းစေမှု၊ (သို့မဟုတ်) အလားတူကျွန်ပြုခိုင်းစေမှု၊ လူကုန်ကူးရောင်းဝယ်ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခတွင်းတွင် အသုံးပြုရန်မလုပ်မနေရ အဓမ္မစုဆောင်းခြင်း၊ (ခ) ကလေးသူငယ်များအား ပြည့်တန်ဆာလုပ်ငန်း (သို့မဟုတ်) လိင်မှုဆိုင်ရာဖျော်ဖြေမှုများတွင် အသုံးပြုခြင်း၊ (ဂ) တရားဥပဒေနှင့်ဆန့်ကျင်သော မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ကုန်ကူးခြင်းတို့တွင် ကလေးသူငယ်များကို အသုံးပြုခြင်း၊ (ဃ) ဘေးဥပဒ်အန္တရာယ်ရှိသော လုပ်ငန်းဟုဆိုနိုင်သည့် ကလေးသူငယ်များ၏ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး (သို့မဟုတ်) ကိုယ်ကျင့် တရားဆိုင်ရာများကို ထိခိုက်ပျက်စီးစေမည့် သဘောသဘာဝ (သို့မဟုတ်) အခြေအနေများတွင် လုပ်ကိုင်နေရ ခြင်းစသည့်လုပ်ငန်းများတွင် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေခြင်းကို လျော့နည်းပပျောက်ရေး အတွက် ဦးစားပေးအနေဖြင့် ချက်ချင်းလုပ်ဆောင်ရမည် ဟုပါရှိသည်။ အဆိုပါ သဘောတူညီချက်အား အကောင် အထည်ဖော်မှု အစီရင်ခံစာကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ တွင် ILO သို့တင်သွင်းခဲ့ပါသည်။

 

ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိထုတ်ပြန်ထားသော ကလေးသူငယ်အခွင့်အရေး ကာကွယ်ပေးသည့် ဥပဒေ များမှာ ပြည့်စုံခြင်းမရှိသည့်အတွက် ကလေးဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်အတွက် လွှတ်တော်သို့ တင်ပြထားမှုများ လည်းရှိသည်ဟု ဆိုပါသည်။ မည်သို့ဆိုစေ လက်ရှိဥပဒေများအရ တင်းကျပ်စွာဆောင်ရွက်ခြင်း၊ လူသားချင်းစာနာစိတ်၊ သားသမီးချင်းစာနာစိတ်များဖြင့် သဘောထားဆောင်ရွက်ခြင်းများ လိုအပ်ပါသည်။ ထိုစိတ်ဓာတ်များကို အခြေခံ၍ တစ်ဖက်မှ တစ်နိုင်ငံလုံးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်များဖြစ်သော ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ပညာအရည်အချင်းမြှင့်တင်ရေး၊ သတင်းဗဟုသုတများ နိုင်ငံအနှံ့ ပျံ့နှံ့ရောက်ရှိရေး၊ စီမံကိန်းများနှင့် ပေါင်းစပ်ခြင်းဖြင့်သာ ကလေးလုပ်သားပပျောက်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

ကျောင်းပြင်ပကလေးများအတွက်လည်း ဝါသနာအရင်းခံ ကာဒေသနှင့်ကိုက်ညီမည့် သက်မွေးမှုပညာရပ်များ သင်ကြားနိုင်ရေး၊ နိုင်ငံတကာ သက်မွေးပညာရပ်များအတွက် ကျွမ်းကျင်လုပ်သားများအဖြစ် မွေးထုတ်ပေးနိုင်သည်အထိ ဝိုင်းဝန်းစဉ်းစားအဖြေရှာရန် လိုအပ်ပါသည်။ ထို့အပြင် အလုပ်ရှင်များနှင့် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့သားသမီးများနှင့် ကလေးလုပ်သားများအပေါ် ပိုမိုနားလည်သဘောပေါက်ကာ ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိစေနိုင်ရေး ကူညီပေးရန်လိုအပ်ပြီး အစိုးရနှင့်အတူ ကလေးအလုပ်သမားပပျောက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း အဖြေရှာသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

 

မှီငြမ်း။ ။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉)။ နေ့စဉ်ထုတ်သတင်းစာများ

 

ဖေနှင်းငွေ